စစ်တပ်စစ်ကြောင်းများ အင်းတော်သို့ ထိုးစစ်ဆင်၊ မြို့ခံများ ရှောင်တိမ်းနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
အင်းတော်မြို့ကို ဦးတည်သည့် စစ်တပ်စစ်ကြောင်း နဘားလမ်းဆုံအနီးသို့ ရောက်ရှိလာ၊ မြို့ခံများ ဘေး လွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်တပ်၏ စစ်ကော်မရှင်တပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်လာရာ လက်ရှိတွင် အင်းတော်မြို့နှင့် အလွန်နီးကပ်သည့် နဘားလမ်းဆုံအနီးသို့ ရောက်ရှိလာခြင်း ဖြစ် သည်။
ကသာမြို့ဘက်မှ ထွက်ခွာလာသည့် အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းကို ကသာ-နဘား-အင်းတော် လမ်းပိုင်း တစ်လျှောက်တွင် တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ယမန်နေ့အထိ တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားခဲ့သည်။
သို့သော်လည်း ယနေ့ ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းသည် နဘားလမ်းဆုံနှင့် ၅ မိုင်ခန့်သာ ကွာဝေးတော့သည့် နတ်ပေါက်ဆင်စခန်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
စစ်ကိုင်းနှင့် ကချင်အစပ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်ကြောင်းက နဘားလမ်းဆုံရောက်တော့မှာ။ ဆင်စခန်းရောက်နေပြီ။ ဆင်စခန်းဆိုတာက နဘားလမ်းဆုံနဲ့ ၅ မိုင်လောက်ပဲ။ အရပ်သားတွေလည်း ထွက်နေ ရတာ အမှန်ပါပဲ။ အင်အားကလည်း သူတို့က တော်တော်များတယ်ပြောတယ်” ဟု မြေပြင်အခြေအနေကို ပြော သည်။
အင်းတော်မြို့နှင့် နဘားလမ်းဆုံသည် ဆိုင်ကယ်ဖြင့် သွားလာပါက ၁၃ မိနစ်ခန့်သာ ဝေးကွာသည့် အကွာအဝေး ဖြစ်သဖြင့် စစ်တပ်စစ်ကြောင်းသည် မြို့နှင့် အလွန်နီးကပ်နေပြီဖြစ်ကာ မြို့ခံများသည်လည်း ပြီးခဲ့သည့် ရက်ပိုင်း မှစတင်၍ ဘေးလွတ်ရာ တောတောင်များနှင့် ကျေးရွာများသို့ ကြိုတင်ရွှေ့ပြောင်း တိမ်းရှောင်နေကြရသည်။
ယခု စစ်ကြောင်းသည် တကောင်းနှင့် ထီးချိုင့်မြို့တို့ကို သိမ်းပိုက်ခဲ့သည့် စစ်တပ်လက်အောက်ခံ တပ်ဖွဲ့များဖြစ် ပြီး စစ်ကိုင်းတိုင်း မြောက်ပိုင်းနှင့် ကချင်ပြည်အစပ်ရှိ လမ်းကြောင်းများကို ပြန်လည်စိုးမိုးရန် ကြိုးပမ်းလာခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “သူတို့ဘက်က ကသာနဲ့ အင်းတော်တို့ကိုသာ စိုးမိုးသွားနိုင် ပြီ ဆိုရင်တော့ အစစအရာရာ ခက်ခဲသွားမယ့် အလားအလာတွေ ရှိနေပါတယ်။ ကသာမြို့အထွက် ကသာနဲ့ အင်းတော်ကြားမှာ တိုက်ပွဲတွေ ဖြစ်နေတာဟုတ်တယ်။ စစ်ကောင်စီတွေရော ကျဆုံးမှုတွေ ရှိတယ်လို့ သိရ တယ်။ သူတို့ဘက်က အင်းတော်မြို့ကို သိမ်းပိုက်ဖို့ ကြုံးဝါးထားတာလည်းရှိတယ်။ အဲ့အတိုင်းပဲ စစ်ရေး လှုပ် ရှားလာတယ်။ အဲ့တော့ တိုက်ပွဲဖြစ်တယ်” ဟု ပြောသည်။
အင်းတော်မြို့သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် တော်လှန်ရေးအင်အားစုများ လက်အောက်သို့ ကျရောက် ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ တစ်နှစ်အတိအကြာတွင် စစ်တပ်က မြို့ကို ပြန်လည်ရရှိရန် အပြင်းအထန် ကြိုးပမ်းလာ ခြင်း ဖြစ်သည်။
စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူများ၏ အဆိုအရ စစ်တပ်သည် ဧရာဝတီ မြစ်ကြောင်းကို အသုံးပြု၍ နှစ်စဉ် စစ်အင်အား ဖြည့်တင်းလေ့ရှိရာ၊ ယခုနှစ် မိုးတွင်းကာလ မရောက်မီတွင် မြစ်ကြောင်းနှင့် ကုန်းလမ်း ဆက်သွယ် ရေး အချက်အချာကျသည့် နယ်မြေများကို အမိအရ ပြန်လည်ထိန်းချုပ်ရန် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။