ဦးမင်းအောင်လှိုင် သမ္မတဖြစ်လာပြီးနောက် EU က မြန်မာအပေါ် ပိတ်ဆို့မှု သက်တမ်းတိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်။ 

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကြောင့် ဥရောပသမဂ္ဂ (EU) က ချမှတ်ထားသည့် ကန့်သတ်ပိတ်ဆို့မှုများကို ဧပြီလ ၂၇ ရက်နေ့တွင် နောက်ထပ် (၁၂) လ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ကြေညာသည်။ 

ယင်းအရေးယူမှုများသည် ၂၀၂၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ အာဏာသက်ရောက်မည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။ 

အီးယူ၏ နှစ်ပတ်လည် ပြန်လည်သုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် ဒီမိုကရေစီယန္တရားကို ထိခိုက်စေသည့် လုပ်ရပ်များနှင့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ယခုကဲ့သို့ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ အပါအဝင် လူပုဂ္ဂိုလ် (၁၀၅) ဦးနှင့် အဖွဲ့အစည်း (၂၂) ခုကို ပိတ်ဆို့ အရေးယူမှု စာရင်းသွင်းထားသည်။

အဆိုပါပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ အီးယူအတွင်းရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ဖြတ်တောက်ထားပြီး၊ ၎င်းတို့အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ငွေကြေးထောက်ပံ့ခွင့်ကို တားမြစ်ထားသည်။ 

ထို့ပြင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်ထားသည်။

ပြည်သူလူထုကို ဖိနှိပ်ရာတွင် အသုံးပြုနိုင်သည့် ဆက်သွယ်ရေး စောင့်ကြည့်ရေးကိရိယာများ၊ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းများ တင်ပို့ခွင့်ကို ပိတ်ပင်ထားသည်။ စစ်ဘက်ဆိုင်ရာ သင်တန်းပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားလုံးကိုလည်း ရပ်ဆိုင်းထားသည်။

အီးယူသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ပြင်းထန်စွာ ရှုတ်ချထားပြီး စစ်ကောင်စီအား တရားဝင်မှုပေးစေမည့် အကူအညီများနှင့် တိုက်ရိုက်ဘဏ္ဍာရေး ထောက်ပံ့မှုများကိုလည်း ဆက်လက်ဆိုင်းငံ့ထားမည်ဖြစ်သည်။