မြောက်ကိုရီးယားက နျူကလီးယား အလိုအလျောက် လက်တုံ့ပြန်မှု ဥပဒေပြဌာန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်။ 

မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ ခေါင်းဆောင်ပိုင်းအား ပစ်မှတ်ထားတိုက်ခိုက်လာပါက နျူကလီးယားလက်နက်ဖြင့် အလိုအလျောက် ချက်ချင်းလက်တုံ့ပြန်တိုက်ခိုက်မည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းလိုက်သည်။ 

အဆိုပါ အခြေခံဥပဒေပြင်ဆင်ချက်အရ ခေါင်းဆောင်ကင်ဂျုံအန်း သတ်ဖြတ်ခံရခြင်း သို့မဟုတ် နိုင်ငံတော်၏ နျူကလီးယားအင်အားစုများကို ကွပ်ကဲအုပ်ချုပ်သည့်စနစ် (Command-and-Control) သည် ရန်သူ့တိုက်ခိုက်မှုကြောင့် အန္တရာယ်ကျရောက်လာပါက နျူကလီးယားလက်နက်ဖြင့် အလိုအလျောက် ပြန်လည်တိုက်ခိုက်ရမည်ဟု ပါရှိသည်။

ဘယ်သူ့ကို တိုက်ခိုက်မည်နည်းဟူသော အချက်တွင် အတိအကျဖော်ပြထားခြင်းမရှိဘဲ “ရန်လိုသောအင်အားစုများ” ဟုသာ ယေဘုယျသုံးနှုန်းထားသည်။ ပစ်မှတ်များတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်ရှိ မြို့ကြီးများ ပါဝင်နိုင်သည်ဟု စစ်ရေး အကဲခတ်များက ယူဆသည်။ 

ဤကဲ့သို့ ပြင်ဆင်ပြဋ္ဌာန်းရခြင်းမှာ ပြီးခဲ့သည့် အီရန်စစ်ဆင်ရေးအတွင်း အီရန်ဘာသာရေးခေါင်းဆောင် အလီခါမေနီ အသတ်ခံရမှုအပြီး ကမ္ဘာ့အခြေအနေများ တင်းမာလာမှုကြောင့်ဖြစ်ကြောင်း နိုင်ငံတကာသတင်းများက သုံးသပ်ဖော်ပြကြသည်။ 

မြောက်ကိုရီးယား၏ ပြဋ္ဌာန်းချက်အသစ်အရ နျူကလီးယားကွပ်ကဲမှုစနစ် အန္တရာယ်ကျရောက်ပါက လက်တုံ့ပြန်မှုကို “အလိုအလျောက်နှင့် ချက်ချင်း” ဆောင်ရွက်သွားမည်ဖြစ်သည်။