အင်ဒိုနီးရှားတွင် ကျားဖြန့် လုပ်ငန်း လုပ်နေသော နိုင်ငံခြားသားများ ဖမ်းဆီးရမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်။
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာအပါအဝင် နိုင်ငံခြားသား ၃၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အေပီ သတင်းတပုဒ်တွင် ဖော်ပြသည်။
ဤနှိမ်နင်းမှုသည် အင်ဒိုနီးရှားနိုင်ငံအတွင်း အကြီးမားဆုံးသော တရားမဝင် ဒစ်ဂျစ်တယ် လောင်းကစားကွန်ရက် နှိမ်နင်းမှုများထဲမှ တစ်ခုဖြစ်ကြောင်း စနေနေ့တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဂျကာတာမြို့ တရုတ်တန်းအနီးရှိ စီးပွားရေးအဆောက်အအုံတစ်ခုတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူ ၃၂၁ ဦးအနက် အများစုမှာ ဗီယက်နမ်နိုင်ငံသားများ ဖြစ်ကြသည်။
ဖမ်းဆီးခံရသူများထဲတွင် ဗီယက်နမ်နိုင်ငံသား ၂၂၈ ဦး၊ တရုတ်နိုင်ငံသား ၅၇ ဦး ပါဝင်ပြီး ကျန်ရှိသူများမှာ လာအို၊ မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှဖြစ်ကြောင်း အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့၊ အထွေထွေရာဇ၀တ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Wira Satya Triputra က ပြောကြားခဲ့သည်။
အဆိုပါနေရာသည် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်ပေါင်း ၇၀ ကျော်ကို ချုပ်ကိုင်ထားသည့် ဗဟိုချက်ဖြစ်ပြီး ဒစ်ဂျစ်တယ်သက်သေအထောက်အထားများအရ အင်ဒိုနီးရှားနိုင်ငံပြင်ပရှိ ကစားသမားများကို ပစ်မှတ်ထားလုပ်ဆောင်နေခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါကွန်ရက်၏ နောက်ကွယ်မှ စီစဉ်သူများနှင့် ငွေကြေးထောက်ပံ့သူများကို စုံစမ်းဖော်ထုတ်လျက်ရှိသည်။
အဆိုပါလုပ်ငန်းသည် လွန်ခဲ့သော နှစ်လခန့်ကပင် စနစ်တကျဖွဲ့စည်းလုပ်ကိုင်နေခြင်းဖြစ်ပြီး ဖောက်သည်ဝန်ဆောင်မှု၊ တယ်လီမားကတ်တင်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဟူ၍ အခန်းကဏ္ဍများခွဲကာ လုပ်ကိုင်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူအများစုမှာ ရက်တို ဗီဇာသက်တမ်းဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုများအပြင် ငွေကြေးခဝါချမှုနှင့် လောင်းကစားဆိုင်ရာ ပြစ်မှုများဖြင့်လည်း စွဲချက်တင်ခံရဖွယ်ရှိသည်။
စနေနေ့အထိ သံသယရှိသူ ၂၇၅ ဦးကို တရားဝင်အမှုဖွင့်လှစ်ထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၉ နှစ်အထိ ကျခံရနိုင်သည့်အပြင် အင်ဒိုနီးရှား ရူပီး ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၆,၀၀၀ ခန့်) ဒဏ်ငွေရိုက်ခံရနိုင်သည်။
အင်ဒိုနီးရှားအခြေစိုက် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်ဗျူရို အတွင်းရေးမှူး Untung Widyatmoko ၏ ပြောကြားချက်အရ ယခင်က မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အခြေစိုက်ခဲ့သော အွန်လိုင်းလောင်းကစားလုပ်ငန်းများသည် အဆိုပါနိုင်ငံများတွင် နှိမ်နင်းမှုများ ပြုလုပ်လာခြင်းကြောင့် အင်ဒိုနီးရှားအပါအဝင် အခြားနိုင်ငံများသို့ ပြောင်းရွှေ့လာသည့် လက္ခဏာများ တွေ့ရှိနေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း စင်ကာပူနိုင်ငံနှင့် ကပ်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံ ဘတမ် (Batam) ကျွန်းတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုများ၌ ပါဝင်သည်ဟု သံသယရှိသူ ဗီယက်နမ်၊ တရုတ်နှင့် မြန်မာနိုင်ငံသား ၂၁၀ ဦးကို ဖမ်းဆီးခဲ့သည်။
ထို့ပြင် ဆူရာဘာယားမြို့တွင်လည်း ရဲအရာရှိအဖြစ် ဟန်ဆောင်ကာ ဖုန်းဖြင့်လိမ်လည်နေသည့် ဂျပန်နှင့် တရုတ်နိုင်ငံသား ၄၄ ဦးကို ဖမ်းဆီးခဲ့သည်။
ကမ္ဘာ့အကြီးဆုံး မူစလင်လူဦးရေ အများဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် အွန်လိုင်းလောင်းကစားပြုလုပ်ခြင်းမှာ တရားမဝင်ဘဲ၊ ယခုအခါ နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇ၀တ်မှုများကို တိုက်ဖျက်ရန်အတွက် နှိမ်နင်းမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။