ဒု လဝက မှူးကို ပကဖများ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်။ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုလဝကမှူး အမျိုးသမီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက သရက်ချောင်းမြို့မှ ထားဝယ်မြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာသည့် ဒုလဝကမှူး ဒေါ်မေဂျာသော်ကို ရန်တောင်ကျေးရွာနှင့် ညောင်ဇင်ကျေးရွာအကြားရှိ တောက်ထိန်တောင်ဘုရား အနီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ ၃၃-၃၄ အဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်၍ PDF ဗျူဟာ ၃၃-၃၄ ၏ တာဝန်ရှိသူတစ်ဦးက သရက်ချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဒုလဝကမှူးတစ်ဦးကို မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ ဖမ်းဆီးရမိခဲ့တာ မှန်ပါတယ် ဟု အတည်ပြု ပြောသည်။

အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ဒေါ်မေဂျာသော်သည် သရက်ချောင်းမြို့နယ် လဝကရုံးတွင် တာဝန်ထမ်းဆောင် နေသူဖြစ်ပြီး သူမ၏ အမျိုးသားဖြစ်သူမှာလည်း တိုင်းလဝကရုံးတွင် တာဝန်ထမ်းဆောင်နေသည့် Non-CDM ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။ 

၎င်းသည် ဖခင်ဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးဝယ်ယူရန် ထားဝယ်မြို့သို့ သွားရောက်စဉ် လမ်းခရီး ၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။

၎င်းနီးစပ်သူက ဒေါ်မေဂျာသော်ရဲ့ဖခင်ဖြစ်သူ ဦးသောင်းမြင့် ကျန်းမာရေးမကောင်းတာကြောင့် ဆေးဝါး ဝယ် ယူဖို့ ထားဝယ်ကို ဆိုင်ကယ်နဲ့သွားတာ လမ်းမှာအဖမ်းခံရတာ။ ညနေ ၃ နာရီလောက်မှ အဖမ်းခံရတာကို သိရ တယ် ဟု ပြောသည်။

မြိတ်-ထားဝယ် ကားလမ်းတစ်လျှောက်တွင် ယခုကဲ့သို့ Non-CDM ဝန်ထမ်းများ မကြာခဏ ဖမ်းဆီးခံရလေ့ ရှိပြီး အချို့မှာ စစ်ဆေးမေးမြန်းပြီးနောက် ပြန်လည်လွတ်မြောက်လာလေ့ရှိသော်လည်း၊ ဒေါ်မေဂျာသော်၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍မူ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ခြင်း မရှိသေးပေ။