မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ခြင်းသည် ဒေသခံများ အတွက် အကျိုး မဖြစ်နိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်။ 

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင် ဒေသခံများအတွက် အကျိုးဖြစ်မည်မဟုတ်သည့် အတွက် စီမံကိန်းကို လုံးဝဖျက်သိမ်းရန် ကချင်ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ပဋိပက္ခများ ပြင်းထန်နေသည့်ကာလအတွင်း ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို အတင်းအဓမ္မ ပြန်လည် အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမိုအလှမ်းဝေးသွား စေမည်ဟု ကချင် ဒေသခံများက ပြောသည်။ 

၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားသည့် အဆိုပါစီမံကိန်းကို ပြန်လည်စတင်နိုင်ရေးအတွက် စစ်အုပ်စုက ကော်မရှင်ဖွဲ့စည်းကာ ဒေသတွင်း၌ စည်းရုံးရေးဆင်းနေမှုများအပေါ် ကချင်အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့က မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သည်။ 

ထုတ်ပြန်ချက်၏ ပြောရေးဆိုခွင့်ရှိသူ ဆိုင်းမိုင်က ဒီလိုမျိုး ရင်းနှီးမြှုပ်နှံမှု အကြီးစားစီမံကိန်းတွေ သူတို့ လုပ်နေမယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးမှုစကားဝိုင်း၊ နိုင်ငံရေး ဆွေးနွေးမှုစကားဝိုင်းက ပိုပြီးတော့ အလှမ်း ဝေးသွားမှာ ဖြစ်တယ်။ ပြည်သူကို မျက်နှာမူတဲ့ အစိုးရတစ်ရပ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးမှုကိုပဲ ဦးစားပေးအနေနဲ့ လုပ်ဆောင်မှာ ဖြစ်တယ်။ ဒီလိုမတည်မငြိမ်မှုကို အခြေခံပြီးတော့ ဒီလိုအကြီးစား ရင်းနှီး မြှုပ်နှံမှုတွေကို အတင်းအဓမ္မ လုပ်ဆောင်သွားမယ်ဆိုရင် အဲဒီအတွက် ပဋိပက္ခ ပိုပြီးဖြစ်လာစေနိုင်မှာ ဖြစ်ပါ တယ် ဟု ပြောသည်။

စီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဟု စည်းရုံးပြောဆိုနေမှုများနှင့် ပတ်သက်၍လည်း ဆိုင်းမိုင်က ယခုကဲ့သို့ ဆက်ပြောသည်။ 

စီမံကိန်းရဲ့ အကျိုးအမြတ် ပြည်သူတွေ မြင်ရမယ် အလုပ်အကိုင်ရမယ် ပြောတာ အခု ဒီ Suspension ပေါ့ နော်။ ရပ်ဆိုင်းမထားခင် ကတည်းက နေပြီးတော့ သူတို့ရဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကို တရုတ်ပြည်သူတွေပဲ ခေါ်လာတယ်။ ထမင်းချက်ကအစ သူတို့နိုင်ငံကပဲ ခေါ်လာတာ။ ကိုယ့်နိုင်ငံက လူဆိုလို့ တကယ့် အလုပ်ကြမ်း လောက်ပဲ သူတို့ ခန့်ထားတာတွေ တွေ့ရတယ်။ ဒေသခံတွေဆို အနားကပ်လို့တောင် မရဘူး။ ဂိတ်တွေနဲ့ အလီလီ ချထားတယ်။ ဆိုတော့ ဒီလိုမျိုးနေရာမှာ ဘာမျှော်လင့်နေလဲ။ 

ထို့ပြင် စီမံကိန်းမှ ရရှိမည့် အကျိုးအမြတ်များသည် တရုတ်နိုင်ငံသို့ အကြွေးဆပ်ရန်နှင့် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက်သာ ဖြစ်နိုင်ကြောင်းနှင့် လက်ရှိတွင်လည်း မြစ်ဆုံအနီးတဝိုက်၌ ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း ကချင်အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြ ထားသည်။

ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) မှ ဂျေကော့ကလည်း နိုင်ငံတကာကို တောင်းဆိုချင်တာ က ပြည်သူလူထုနဲ့အတူ ရပ်တည်ပေးဖို့ တောင်းဆိုချင်ပါတယ်။ နောက်တစ်ခုကတော့ တရုတ်အစိုးရရော ပြည်သူလူထုရဲ့ အသံကို နားထောင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အခုလိုမျိုး အန္တရာယ်ကြီးမားတဲ့ စီမံကိန်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ ကျနော်တို့အနေနဲ့ တောင်းဆိုချင်ပါတယ် ဟု တိုက်တွန်းထားသည်။

တရုတ်အစိုးရပိုင် ကုမ္ပဏီ (SPIC-YN) အနေဖြင့် ပြည်သူလူထု၏ ဆန္ဒကို လေးစားရန်နှင့် မည်သည့် အစိုးရ လက်ထက်တွင်မဆို ပြည်သူ့သဘောထား မပါသည့် ဖွံ့ဖြိုးရေး အမည်ခံ ရင်းနှီးမြှုပ်နှံမှုများကို အတင်းအဓမ္မ လုပ်ဆောင်ခြင်းမပြုရန် အရပ်ဘက်အဖွဲ့အစည်းများက စုပေါင်းတောင်းဆိုထားကြသည်။