အထိနာနေသည့် စစ်တပ်က ချင်းတောင်ပိုင်းကို ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်။

ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းများ မြေပြင်တိုက်ပွဲများတွင် အထိနာကာ ဆုတ်ခွာနေရပြီး၊ စစ်တပ်က မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များကို ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များအသုံးပြု၍ လေကြောင်းမှ တပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်သည်။

မြေပြင်သတင်းများအရ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းကစတင်ကာ မတူပီမြို့နယ်ထဲသို့ ဂျက်ဖိုက်တာ များဖြင့် ၁၅ ကြိမ်၊ Y-12 လေယာဉ်ဖြင့် ၈ ကြိမ်ထက်မနည်း အဆက်မပြတ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်သည် မေလ ၁၆ ရက်နေ့ကတည်းက ယောဒေသဘက်မှနေ၍ အင်အား ၁,၀၀၀ ကျော်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲကာ မင်းတပ်နှင့် ကန်ပက်လက်သို့ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ကန်ပက်လက်ဒေသခံတစ်ဦးက မြေပြင်မှာ စစ်တပ်က အထိနာပြီး ရှေ့ မတိုးနိုင်တော့ လေယာဉ်တွေနဲ့ အတင်းဗုံးကြဲတော့တာမျိုးပါ။ ဂျက်ဖိုက်တာရော Y-12 ပါ သုံးပြီး မြို့နယ် ၃ ခုလုံးကို တပြိုင်နက်တည်း လာပစ်တာလို့ ပြောလို့ရတယ်။ အခုတော့ စစ်ကြောင်းတချို့ ဆောမြို့ဘက် ပြန် ဆုတ်သွားတာရှိတယ်။ ဒါပေမယ့် ရွာတွေက ပြည်သူတွေ သောင်းနဲ့ချီပြီး တောထဲမှာ စစ်ဘေးရှောင်နေရတယ် ဟု ပြောသည်။

၁၀ ရက်ကြာ တိုက်ပွဲများအတွင်း စစ်တပ်ဘက်က စစ်ကြောင်းများ ရှေ့ဆက်မတိုးနိုင်ဘဲ အထိနာခဲ့သဖြင့် လေကြောင်းပစ်ကူကို အလွန်အကျွံ သုံးလာခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကြောင်းအချို့ ဆောမြို့ဘက်သို့ ပြန်ဆုတ်သွားသော်လည်း ဒေသခံသောင်းချီမှာ စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။

ချင်းပြည်သူ့တပ်မတော် (CPA) ကမူ စစ်တပ်ဘက်က နောက်ထပ်စစ်ကူအင်အား ၁,၀၀၀ ကျော် ထပ်မံဖြည့်တင်း ရန် ပြင်ဆင်နေသဖြင့် ရှေ့တန်းတိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေးထားသည်။

ချင်းစစ်မျက်နှာအခြေအနေနှင့် ပတ်သက်၍ CPA နှင့် နီးစပ်သည့် စစ်ရေးသတင်းမြစ်တစ်ဦးက သူတို့ဘက်က စစ်ကူအင်အား တစ်ထောင်ကျော် ထပ်ဖြည့်ဖို့ ပြင်နေတာရှိတော့ တိုက်ပွဲတွေက ပိုပြင်းထန်လာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ရှေ့တန်းအတွက် ဆေးဝါးနဲ့ ထောက်ပံ့မှုတွေ ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ကိုယ့်အိမ်မှာကိုယ် ဗုံးခိုကျင်းတွေ သေချာပြင်ထားဖို့နဲ့ လေကြောင်းရန်ကို ဆက်ပြီး သတိပြုဖို့ ပြောထားပါတယ် ဟု ပြောသည်။

လက်ရှိတွင် ချင်းတောင်ပိုင်း စစ်မျက်နှာ၌ စစ်တပ်၏ မြေပြင်ထိုးစစ်များ စစ်ရေးနိမ့်ပါးလာမှုကို လေကြောင်း ဗုံးကြဲမှုများဖြင့် အစားထိုးကာ အလွန်အကျွံ တုံ့ပြန်လာနေသဖြင့် ဒေသတွင်း စစ်ရေးအခြေအနေမှာ ဆက်လက် တင်းမာလျက်ရှိသည်။