TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု သေဆုံးသူမြင့်တက်၊ အရေးပေါ်အကူအညီများ လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်။
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် လက်ရှိအချိန်ထိ အရပ်သားပြည်သူ ၅၅ ဦးအထိ သေဆုံးလာပြီး ဒဏ်ရာရရှိသူ ၈၀ ကျော်အထိ ရှိနေကြောင်း ကယ်ဆယ်ရေး သတင်းရင်းမြစ်များနှင့် တအာင်းအရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
အဆိုပါ ဖြစ်စဉ်သည် မေလ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် TNLA ထိန်းချုပ်ထားသည့် ကောင်းတပ်ကျေးရွာရှိ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းသုံး ယမ်းပျော့သိုလှောင်ရုံ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ပေါက်ကွဲမှုအရှိန်ကြောင့် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် လူနေအိမ်ခြေ အဆောက် အအုံများ ပျက်စီးခဲ့ရပြီး ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်ငန်းများ ယနေ့တိုင် ဆက်လက်လုပ်ဆောင်နေရ သဖြင့် သေဆုံးသူဦးရေ ယခုထက် ပိုမိုထပ်တိုးလာနိုင်ဖွယ် ရှိနေသည်။
ဒေသခံအမျိုးသားတစ်ဦးက “ပေါက်ကွဲတဲ့အသံက တစ်ရွာလုံး တုန်ခါသွားတာပဲ။ အိမ်တွေဆိုရင် အမိုးတွေ တင် မကဘူး၊ တစ်အိမ်လုံး ပြိုကျပျက်စီးကုန်တာ။ တချို့ဆိုရင် အိမ်တိုင်ပါ မကျန်တဲ့အထိ ပျက်စီးသွားတာ။ အိမ်နဲ့ အမိုးတွေ အကာတွေအကုန်လုံးလွှင့်ကုန်တယ်။ အိမ်ပြိုခါနီးအထိ ယိုင်နဲ့သွားတဲ့အိမ်တွေလည်း အများကြီးပဲ။ ကလေးတွေရော လူကြီးတွေရော အလောင်းတွေကို ဒီနေ့အထိ လိုက်ရှာနေရတုန်း။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ” ဟု ပြောသည်။
လက်ရှိရရှိထားသည့် စာရင်းများအရ သေဆုံးသူ ၅၅ ဦးတွင် အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၂၅ ဦး ပါဝင်ပြီး ပြင်းထန်ဒဏ်ရာရရှိထားသူများကို နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးနေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ထုတ်ပြန်ထားသည်။
ကောင်းတပ်ကျေးရွာ ကယ်ဆယ်ရေးတွင် ပါဝင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦးက “ဆေးရုံမှာ ကုနေရတဲ့ သူတွေအတွက်ရော၊ အိမ်တွေပျက်စီးသွားတဲ့သူတွေ အတွက်ပါ အဝတ်အထည်၊ အစားအသောက်နဲ့ ဆေးဝါးတွေ အများကြီး လိုနေပါတယ်။ ကောင်းတပ်ရွာ ပြန်လည်ထူထောင်နိုင်ဖို့ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါဦး” ဟု ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ တအာင်းအရပ်ဘက်အဖွဲ့အစည်း ကွန်ရက် (TCSN) နှင့် တအာင်းပြည်ကောင်စီ (TLC) တို့က ယနေ့ ဇွန်လ ၁ ရက်နေ့တွင် အသီးသီး သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။ ၎င်းတို့က TNLA အနေဖြင့် ပေါက်ကွဲမှုဖြစ်စဉ်ကို အမြန်ဆုံးနှင့် အသေးစိတ် စုံစမ်းစစ်ဆေးကာ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုထားသည်။
ထို့ပြင် ထိခိုက်နစ်နာခဲ့ရသည့် မိသားစုဝင်များနှင့် နေအိမ်ပျက်စီးသွားသူများအတွက် နစ်နာကြေး၊ ပြန်လည် ထူထောင်ရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ အရပ်သားပြည်သူများ၏ လုံခြုံရေး ကို အလေးထားဆောင်ရွက်ရန် တောင်းဆိုထားကြသည်။
TNLA ဘက်ကမူ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော် ပြော ဆိုထားပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး၊ ထိခိုက်ဆုံးရှုံးခဲ့ရသည့် ဒေသခံများအတွက် ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရွာပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ အမြန်ဆုံး ဆောင်ရွက်ပေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။
သို့သော်လည်း မြေပြင်တွင် နေအိမ်အဆောက်အအုံများစွာ ဆုံးရှုံးသွားသည့် ဒေသခံများအတွက် အရေးပေါ် အမိုးအကာနှင့် စားနပ်ရိက္ခာ အကူအညီများစွာ လိုအပ်နေဆဲဖြစ်သည်။
ဓါတ်ပုံ – တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)