သောင်းနှင့်ချီသော မကွေးတိုင်း စစ်ရှောင်များ ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်။

မကွေးတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်တပ်၏ နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးမှုနှင့် လေကြောင်း တိုက် ခိုက်မှုများကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။ 

လတ်တလောတွင် စစ်ပွဲကာလ ကြာမြင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်ပြည်သူများမှာ ရာသီဥတုဒဏ်အပြင် စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှု အကျပ်အတည်းများကိုပါ ရင်ဆိုင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ် များက ပြောသည်။

လက်ရှိတွင် ပေါက်၊ ဆော၊ ဆိပ်ဖြူ၊ မြိုင်၊ ဂန့်ဂေါ၊ ထီးလင်းနှင့် ပခုက္ကူမြို့နယ်များအတွင်း စစ်ရေးအခြေအနေ တင်းမာနေပြီး၊ ဒေသခံများမှာ နီးစပ်ရာ တောတောင်များနှင့် လယ်ကွင်းပြင်များ၌ ယာယီတဲထိုးကာ အခက်အခဲ များစွာဖြင့် ခိုလှုံနေကြရခြင်း ဖြစ်သည်။

အထူးသဖြင့် ပေါက်မြို့နယ်တွင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) မှ ထွက်လာသည့် စစ်တပ် စစ်ကြောင်း များနှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များအကြား ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ကတည်းက လက်ရှိ အချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ ထို့ကြောင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ လူဦးရေ ၂ သောင်းခန့်မှာ အိုးအိမ်စွန့်ခွာ ပြေးနေရသည်။

ပေါက်မြို့နယ်မြေပြင်၌ ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးကသူတို့တော့ ဝေးဝေး ရှောင်တာ မရှိဘူး။ နီးစပ်ရာ တောထဲ၊ တောင်ထဲပေါ့။ ဒီရက်ပိုင်း လေကကြမ်း၊ မိုးလည်းကြီးတော့ သူတို့ အဆင်မပြေတာတွေ ရှိတယ်။ အမိုးလန်ကုန်တာတို့ လွင့်သွားတာတို့ဆို ပြန်ပြင်ရတယ်။ စစ်တပ်ကတော့ နေ့တိုင်းပစ်တယ် ဟု ပြော သည်။

အလားတူ ပေါက်မြို့နှင့် နီးစပ်သည့်အပြင် ချင်းပြည်နှင့် ထိစပ်နေသည့် ဆောမြို့နယ်တွင်လည်း စစ်တပ်များက ပေါက်၊ ဆောနှင့် ကျောက်ထု လမ်းပိုင်းတစ်လျှောက် နေ့စဉ် လှည့်လည်စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံ ၇ ထောင်နီးပါး စစ်ဘေးရှောင်နေရသည်။

ဆောမြို့ဒေသခံတစ်ဦးကပထမဆုံးတော့လည်း မဟုတ်ပါဘူး။ ကြုံရတာများတော့ ရိုးနေပြီလို့ ပြောရမလား။ ပစ္စည်း အဆင့်သင့်ပြင်ထား၊ ဝုန်းဝုန်းဒိုင်ဒိုင်းဆို ထပြေးရတာပဲ။ နည်းနည်းငြိမ်ရင် ခဏပြန်လာကြည့်၊ အသံ ကြားရင် ထပ်ပြေးရတာပေါ့။ လက်နက်ကြီးက သိပ်မကြောက်ရဘူး။ ကျနော်တို့က အပေါ်က လာမှာပဲ ကြောက်တာ ဟု ပြောသည်။

အဆိုးရွားဆုံးဖြစ်စဉ်အဖြစ် ပခုက္ကူမြို့နယ်တွင် ပခုက္ကူအခြေစိုက် ခမရ ၁၀၁၊ ညောင်ဦးမြို့နယ်အခြေစိုက် ခလရ ၄၁၅ နှင့် အောင်သာကျေးရွာမှ ပျူစောထီး (ပြည်သူ့စစ်) များ ပူးပေါင်းထားသည့် စစ်ကြောင်းသည် မေလ ၁၀ ရက်နေ့ ကတည်းက မြစ်ခြေမြို့ပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များ၌ တပ်စွဲထားဆဲ ဖြစ်သည်။ 

၎င်းတို့၏ မီးရှို့ဖျက်ဆီးခြင်းနှင့် ပေါ်တာဆွဲခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် မြို့ပေါ်လူထုအပါအဝင် ပတ်ဝန်းကျင်ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံ ၈ သောင်းခန့်မှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။

ထို့အပြင် ဆိပ်ဖြူနှင့် မြိုင်မြို့နယ်များတွင်လည်း ကပစ ၂၂ နှင့် ကပစ ၂၄ တပ်များမှ မကြာခဏ နယ်မြေ ရှင်း လင်းရေး လုပ်ဆောင်နေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် စစ်ဘေးရှောင်များမှာ နေရပ်မပြန်နိုင် သေးဘဲ ရှိနေသည်။

လက်ရှိတွင် စစ်တပ်က ပခုက္ကူမှတစ်ဆင့် မြိုင်မြို့အတွင်းသို့ ကုန်စည်နှင့် ဆေးဝါးသယ်ယူခွင့်များကို လမ်း ကြောင်းပိတ်ဆို့ ဖြတ်တောက်ထားသဖြင့် စစ်ဘေးရှောင်ကာလ ကြာရှည်လာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် အရေးပေါ်ဆေးဝါး လိုအပ်နေသည်ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့အစည်း တာဝန်ရှိ သူများက ပြောဆိုထားသည်။

ဓာတ်ပုံ-CJ(ပုံဟောင်း)