နမ့်ခမ်းပေါက်ကွဲမှု TNLA တောင်းပန်၊ သေဆုံးသူတစ်ဦးလျှင် ကျပ်သိန်း ၁၀၀ စီ ထောက်ပံ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်။

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်စဉ်အတွက် တအာင်းတပ် (PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များက ဒေသခံပြည်သူများကို လူကိုယ်တိုင်တရားဝင်တောင်းပန်ခဲ့ကြပြီး၊ ကျန်ရစ်သူ မိသားစုများနှင့် ထိခိုက်နစ်နာသူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်သွားမည်ဟု ကတိပြုလိုက်သည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က နမ့်ခမ်းမြို့၊ ကောင်းတပ်ရပ်ကွက်ရှိ TNLA ၏ ယမ်းသိုလှောင်ရုံ မတော်တဆ ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ပြည်သူ ၆၀ နီးပါးခန့် သေဆုံးကာ၊ ဒဏ်ရာရရှိ သူ ၁၀၀ ကျော်နှင့် နေအိမ်ရာနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်။ 

လုံခြုံရေးအရ အမည်မဖော်လိုသည့် နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ဒီလို လူနေရပ်ကွက်ထဲ ယမ်းတွေ သို လှောင်ထားခဲ့တာကတော့ တာဝန်မဲ့ရာ ရောက်ပါတယ်။ ဒါပေမဲ့ အခုလို အဆင့်မြင့်ခေါင်းဆောင်တွေ ကိုယ်တိုင် လာပြီး လူထုကို တောင်းပန်တာ၊ ကွယ်လွန်သူတွေအတွက် အတိုင်းအတာတစ်ခုအထိ တာဝန်ယူထောက်ပံ့ ပေးတာကတော့ ကျန်ရစ်သူမိသားစုတွေအတွက် တစ်ဖက်တစ်လမ်းက စိတ်သက်သာရာရစေပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက် အရေးယူပေးဖို့တော့ လိုပါသေးတယ် ဟု ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် ဇွန်လ ၆ ရက် ရက်လည်ပွဲတွင် TNLA ဒု-ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဗိုလ်ချုပ် တားခူလန်တို့ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကာ တောင်းပန်ခဲ့ကြ ပြီး၊ ကွယ်လွန်သူတစ်ဦးလျှင် တပ်ဖွဲ့၏ သီးသန့်ရန်ပုံငွေထဲမှ ကျပ်သိန်း ၁၀၀ စီ ကျန်ရစ်သူ မိသားစုများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဒေသခံအမျိုးသမီးတစ်ဦးက အခုလို လူထုနဲ့ လာတွေ့ တောင်းပန်၊ ထောက်ပံ့ကြေးတွေ ပေးတာ၊ ပြန်လည် တည်ဆောက်ရေးကိုလည်း သေချာလုပ်ပေးမယ်ဆိုပြီး ပြောသွားတာ ဝမ်းသာပါတယ်။ ဒါပေမယ့် ဒါက သူတို့ လုပ်ပေးရမယ့် လုပ်ပဲလေနော်။ သူတို့က အားလုံးကို တာဝန်ယူရမှာလေနော်။ ပြောပြီး ပြီးသွားတာမျိုး မဟုတ် ဘဲ လက်တွေ့လုပ်ပေးဖို့တော့ လိုတယ် ဟု ပြောသည်။

လက်ရှိတွင် ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးကော်မတီ အနေဖြင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ ထံမှ တရုတ်ယွမ်ငွေ ၂ သိန်းကျော်နှင့် မြန်မာကျပ်ငွေ သိန်းပေါင်း ၉,၀၀၀ ကျော် လက်ခံရရှိထားပြီး ဖြစ်သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

ပျက်စီးသွားသည့် နေအိမ်များနှင့် လူမှုဘဝများ ပြန်လည်ကောင်းမွန်လာစေရေးအတွက် အင်ဂျင်နီယာအဖွဲ့များ ဖြင့် ကွင်းဆင်းကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်သုံးဆင့်သတ်မှတ်၍ စနစ်တကျ လုပ်ဆောင်သွားမည်ဟု PSLF/TNLA က ဆိုသည်။

အခြားနမ့်ခမ်းမြို့ခံ တစ်ဦးကလည်း သေဆုံးသူတွေအတွက် ထောက်ပံ့တာအပြင် အိမ်တွေအကုန်လုံး ပြာကျ သွားတဲ့ သူတွေ အမိုးအကာအောက် အမြန်ပြန်ရောက်ဖို့က အရေးကြီးဆုံးပဲ။ ကော်မတီက ငွေတွေအများကြီး ရထား တယ်လို့ သိရပေမယ့် မြေပြင်မှာ ကျနော်တို့လို အိမ်ငှားနေတဲ့သူတွေ၊ တခြားသူတွေအတွက် အိမ်ပြန် ဆောက်ပေးမယ့် အစီအစဉ်ကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ပေးစေချင်တယ် ဟု ဆက် ပြောသည်။

ဗိုလ်ချုပ် တားခူလန် ဦးဆောင်သည့် TNLA ဘက်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ် ဆောင်မည်ဟု ဆိုထားသော်လည်း၊ မြေပြင်တွင်မူ လူမျိုးစုအလိုက် အကူအညီခွဲဝေမှုအပေါ် ဘက်လိုက်မှုအချို့ ရှိနေသည်ဟူသော ဒေသခံအချို့၏ ဝေဖန်စွပ်စွဲချက်များ ထွက်ပေါ်နေပြီး၊ ယင်းနှင့်ပတ်သက်၍ TNLA ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ဖြေရှင်းခြင်း မရှိသေးကြောင်း သိရသည်။