သွေးခွဲမည့် ဆွေးနွေးရေး ကမ်းလှမ်းမှုကို လက်ခံမည်မဟုတ်ကြောင်း KIO ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်။

စစ်တပ်က ကမ်းလှမ်းလာသည့် အားလုံးပါဝင်မှုမရှိဘဲ တော်လှန်ရေးအဖွဲ့အစည်းများကို တစ်ဖွဲ့ချင်းစီ ခွဲထုတ် တွေ့ဆုံမည့် ‘သွေးခွဲဆွေးနွေးရေး’ နည်းဗျူဟာကို လက်ခံသွားမည်မဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယခုကဲ့သို့ တစ်ဖွဲ့ချင်းစီ ခွဲခြားတွေ့ဆုံသည့် နိုင်ငံရေးဆွေးနွေးမှုမျိုးသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွား နေသော ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးကို လွှမ်းခြုံမှုမပေးနိုင်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက ကျနော်တို့ နဲ့ တစ်ဖွဲ့ချင်းနဲ့ ဆွေးနွေးတာမျိုးတို့ ခွဲခြားပြီးမှ ဆွေးနွေးတာမျိုးတို့ တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ မဆောင်ပဲနဲ့ တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်းပဲ ဆွေးနွေးတာမျိုးဆိုတော့ သိပ်ပြီးမှ ထူးခြားမှု ရှိမှာ မဟုတ်ဘူးနော် ဟု ပြောသည်။

သို့သော်လည်း တစ်ဖွဲ့ချင်းစီ ခွဲတွေ့ခြင်းမဟုတ်ဘဲ လက်ရှိပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း ပါဝင်နိုင်မည့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲမျိုး ဖြစ်လာပါက ပူးပေါင်းပါဝင်ရန် အမြဲအသင့်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက ကျနော်တို့ KIO ရဲ့ ဆွေးနွေးရေးနဲ့ ပတ်သက်လို့ တကယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေကို ပြောင်းလဲ နိုင်တဲ့ ဆွေးနွေးပွဲ ဖြစ်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ပါဝင်ဖို့ အမြဲတမ်း အဆင်သင့်ဖြစ်ပါတယ်။ အားလုံး ပါဝင်ပြီးမှ မြန်မာနိုင်ငံတစ်ခုလုံးရဲ့ နိုင်ငံရေး အခြေအနေ ရှင်းလင်းတဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုလို့ရှိရင် တော့ ကျနော်တို့ လက်ခံတယ်လို့ ပြောလိုတာပါ ဟု ပြောသည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီလအတွင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ၊ လက်မှတ်မထိုးရသေးသည့်အဖွဲ့များနှင့် လက်မှတ်ထိုးထားသော်လည်း လက်ရှိတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည့် အဖွဲ့များကို ငြိမ်းချမ်းရေးအတွက် ဟုဆိုကာ ဖိတ်ခေါ်ခဲ့သည်။

သို့သော် လက်ရှိတွင် အပစ်ရပ် ၇ ဖွဲ့ဖြစ်သော KNU/KNLA-PC၊ RCSS/SSA၊ DKBA၊ MNSP၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သည့် PNLO၊ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP နှင့် ကျာဆော်လမွန် ဦးဆောင်သော LDU တို့နှင့် အလွတ်သဘော တွေ့ဆုံမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

သို့သော်လည်း KIO/KIA အပါအဝင် အခြားသော အဓိက တော်လှန်ရေးအဖွဲ့အစည်းအချို့ထံသို့မူ ယနေ့တိုင် တစ်စုံတစ်ရာ ကမ်းလှမ်းလာခြင်းမရှိသေးပေ.

ထို့ပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နွေဦးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များကိုမူ စစ်တပ်က တွေ့ဆုံဆွေးနွေးမည့်စာရင်းထဲတွင် ထည့်သွင်း ထားခြင်း လုံးဝမရှိသေးပေ။

စစ်တပ်၏ ယခုကဲ့သို့ ရှေးရိုးစွဲ သွေးခွဲဆွဲထုတ်သည့် နည်းဗျူဟာအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယခုလို ဝေဖန်ထောက်ပြထားသည်။ 

သူတို့ကတော့ ဒီလိုပဲလေနော သွေးခွဲတဲ့ နည်းနာကို ကျနော်တို့ သုံးတဲ့ သဘောဖြစ်ပါတယ်။ အဲလိုပဲ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေထဲက တစ်ဖွဲ့ချင်းစီကို ရသလောက် နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ ပေါ်ပေါ်တင် တင်ရော နောက်ပြီးတော့ အခြားသော လူမသိသူမသိရောပေါ့နော်။ ချည်းကပ်တာတွေ ဆွဲဆောင်တာတွေ စည်း ရုံးတာတွေ ဒါတွေ သူတို့ လုပ်ပါလိမ့်မယ်။ လုပ်ပြီးတော့ တော်လှန်ရေး အင်အားစုတွေထဲက တစ်ချောင်းချင်း တစ်ချောင်းချင်း ဆွဲထုတ်ပြီးတော့ ဒီညီညွတ်မှု စည်းလုံးမှုကို ဒါ ပျက်အောင် ဆောင်ရွက်တဲ့သဘောလို့ ဒါက ဒီလိုပဲ သူတို့ လုပ်နေကျ ဖြစ်ပါတယ်ဗျာနော်။ အခုလည်း ဒီနည်းနာအတိုင်းပဲ ဆက်သွားနေတဲ့ သဘောရှိ ပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအဖွဲ့အစည်းများကမူ စစ်တပ်၏ ကမ်းလှမ်းချက်သည် ၎င်းတို့ ရင်ဆိုင်နေရသည့် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများကို ကုစားရန် နိုင်ငံတကာကို ဟန်ပြလုပ်ဆောင်သည့် ‘နိုင်ငံရေးလှည့်ကွက်’ သာဖြစ်ကြောင်း သုံးသပ်ကြသည်။

အကြောင်းမှာ စစ်တပ်သည် ငြိမ်းချမ်းရေးအကြောင်းကို ကမ္ဘာသိအော်ဟစ်နေသော်လည်း မြေပြင်တွင်မူ ၎င်းတို့ ၏ ‘ရက် ၁၀၀ စီမံချက်’ အရ ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့အပြားရှိ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများကို လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများသုံးကာ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသောကြောင့် ဖြစ်သည်။

ထိုထိုးစစ်များကြောင့် ကချင်ပြည်နှင့် အခြားပဋိပက္ခဒေသများရှိ အရပ်သားပြည်သူလူထုမှာ ဖမ်းဆီးနှိပ်စက်ခံရ ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်များကို ယခင်ကထက် ပိုမိုဆိုးရွားစွာ ခံစားနေကြရသည်။

စစ်တပ်အနေဖြင့် စစ်ရေးရည်မှန်းချက်များ အတွက် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသရွေ့ မြေပြင်စစ်ရေးတင်းမာမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများမှာ ပိုမိုနက်ရှိုင်းလာမည့် အခြေအနေတွင် ရှိနေဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများက ပြော သည်။

Photo – Crd (ပုံဟောင်း)