ILO ပုဒ်မ ၃၃ အရ စစ်အုပ်စုကို အနီးကပ်စောင့်ကြည့်ရန် ILC အတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်။
စစ်အုပ်စု၏ အလုပ်သမားနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အနီးကပ်စောင့်ကြည့်အရေးယူမည့် ‘စောင့် ကြည့်ရေးယန္တရားသစ်’ တစ်ရပ်ကို (၁၁၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) က အတည်ပြုလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ဇွန်လ ၁၁ ရက်နေ့စွဲဖြင့် NUG အလုပ်သမားရေးရာ ဦးစီးဌာနက တရားဝင် ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး၊ ဇွန်လ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာ့အရေး အထူးအစည်းအဝေး ဆွေးနွေးချက်များအပေါ် အခြေခံကာ ဇွန်လ ၁၂ ရက်နေ့ မျက်နှာစုံညီ အစည်းအဝေးတွင် အပြီးသတ် အတည်ပြုခဲ့သည်။
ဇွန်လ ၆ ရက်နေ့က အတည်ပြုခဲ့သည့် ထိုယန္တရားသည် ပြီးခဲ့သည့်နှစ်က ချမှတ်ထားသော ILO ဖွဲ့စည်းပုံ အပိုဒ်-၃၃ (Article 33) ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ စစ်အုပ်စုထံသို့ လေယာဉ် ဆီ၊ လက်နက်နှင့် နည်းပညာများ စီးဆင်းမသွားစေရန် နိုင်ငံတကာက ပိတ်ဆို့သည့်နေရာတွင် ပိုမို ထိရောက်လာ မည် ဖြစ်သည်။
ဤဆုံးဖြတ်ချက်အရ မြန်မာ စစ်အုပ်စုသည် ILC ၏ ဆုံးဖြတ်ချက်များကို မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်ထားသည်ဆိုသည်ကို စက်တင်ဘာလ ၂၁ ရက်မတိုင်မီတွင် ILO ညွှန်ကြားရေးမှူးထံ တင်ပြရမည် ဖြစ်သည်။
အဖွဲ့ဝင်နိုင်ငံတစ်ခုသည် ILO ၏ သတိပေးချက်များကို လျစ်လျူရှုထားမည် ဆိုပါက ILO အုပ်ချုပ်ရေးအဖွဲ့ (Governing Body) က နိုင်ငံတကာအလုပ်သမားညီလာခံ (ILC) ထံ အဆိုပြုပြီး ဤပုဒ်မကို အသက်သွင်းနိုင်သည်။
ပုဒ်မ ၃၃ အရ အောက်ပါအရေးယူမှုများကို ပြုလုပ်ရန် ညွှန်ကြားနိုင်သည်။
ILO အနေနဲ့ အခြားအဖွဲ့ဝင်နိုင်ငံများ၊ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအေဂျင်စီအားလုံးကို အဆိုပါချိုးဖောက်သည့် နိုင်ငံနှင့် ဆက်ဆံရေးများကို ပြန်လည်သုံးသပ်ရန်နှင့် လိုအပ်ပါက အရေးယူပိတ်ဆို့မှုများ (Sanctions) ချမှတ်ရန်တရားဝင် တိုက်တွန်းခွင့် ရရှိသွားသည်။
ယင်းသည် ကုန်သွယ်မှု ကန့်သတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းခြင်းနှင့် နိုင်ငံတကာ အကူအညီများ ဖြတ်တောက်ခြင်း စသည့် နောက်ဆက်တွဲ စီးပွားရေးပိတ်ဆို့မှုများထံ ဦးတည်သွားစေနိုင်ပါသည်။
ယခုညီလာခံတွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ကွန် ဗင်းရှင်း (အမှတ် ၈၇) နှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှု ဆိုင်ရာ ကွန်ဗင်းရှင်း (အမှတ် ၂၉) တို့ကို စစ်အုပ်စုက လိုက်နာခြင်းမရှိဘဲ ပြင်းထန်စွာ ချိုးဖောက်နေသည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
အထူးသဖြင့် အာဏာသိမ်း ၅ နှစ်တာကာလအတွင်း အလုပ်သမားသမဂ္ဂဝင်များကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် အရပ်ဘက်လွတ်လပ်ခွင့်များ ပျက်စီးယိုယွင်းလာမှုကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်း ကော်မတီက မှတ်ချက်ပြုခဲ့ သည်။
NUG အလုပ်သမားရေးရာဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် “စစ်ကောင်စီ၏ အထွေထွေ ရွေးကောက်ပွဲ အပေါ် တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိကြောင်း မှတ်ချက်ပြုခဲ့ကာ ကလေးများအား အဓမ္မစစ်မှုထမ်းစုဆောင်းခြင်းနှင့် အခြားအဓမ္မလုပ်အားပေးခိုင်းစေမှုပုံစံများ အပါအဝင် စစ်တပ်မှ အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ဆက် လက် အသုံးပြုနေခြင်းကို ကော်မတီက ရှုတ်ချခဲ့သည်” ဟု မြန်မာ့အရေး အထူးအစည်းအဝေး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ ဆုံးဖြတ်ချက်အပေါ် စစ်အုပ်စု၏ အကျိုးစီးပွားကို ကာကွယ်ပေးနေသည့် ရုရှား၊ တရုတ်နှင့် ဘီလာရုစ် နိုင်ငံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး၊ အားလုံးသဘောတူ ဆုံးဖြတ်ချက်တွင် ၎င်းတို့ ပါဝင်ခြင်းမရှိ ကြောင်း မှတ်တမ်းတင်ခိုင်းခဲ့သည်။
ထို့ပြင် စစ်တပ်လက်အောက်ခံ UMFCCI ကိုယ်စားလှယ်ကလည်း အဆိုပါ ယန္တရားကို အရေးယူမှုမပါဘဲ သတင်းအချက်အလက် ကောက်ယူရုံ အဆင့်မျှသာ ဖြစ်စေရန် တင်ပြခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ညီလာခံကော်မတီသည် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များအပေါ် မည်ကဲ့သို့ အကောင်အထည် ဖော် ဆောင်ရွက်ထားသည်ဟူသော အချက်အလက်အပြည့်အစုံကို ILO ညွှန်ကြားရေးမှူးချုပ်ထား စက်တင်ဘာလ ၂၁ ရက်မတိုင်မီ တင်ပြရမည်ဖြစ်သည်။
အဆိုပါ တင်ပြချက်များကို လာမည့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် (၃၅၈) ကြိမ်မြောက် ILO အုပ်ချုပ် ရေးအဖွဲ့အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး၊ အထူးအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ညီလာခံ အစီရင်ခံစာတွင် သီးခြားကဏ္ဍတစ်ခုအနေဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။