G-7 နိုင်ငံများ ဟော်မုဇ် ရေလက်ကြား လုံခြုံရေး ဆွေးနွေးမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်။
အမေရိကန်နှင့် အီရန်တို့ စစ်ပွဲရပ်စဲကြောင်း ကြေညာပြီးနောက် ပြင်သစ်နိုင်ငံ၌ ကမ္ဘာ့အချမ်းသာဆုံး ၇ နိုင်ငံ (G7) မှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးလျက်ရှိကြသည်။
ဇွန်လ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည့် ယခုထိပ်သီးအစည်းအဝေးတွင် အမေရိကန်-အီရန် သဘောတူညီချက်အလွန် နောက်ဆက်တွဲခြေလှမ်းများမှာ ထိပ်ဆုံးမှ ဆွေးနွေးရမည့် အစီအစဉ် ဖြစ်လာခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇွန်လ ၁၅ ရက် တနင်္လာနေ့ (ယနေ့) တွင် အစည်းအဝေး ကျင်းပရာ ပြင်သစ်နိုင်ငံ အီဗီယန်မြို့သို့ ရောက်ရှိလာမည်ဖြစ်သည်။
သမ္မတထရန့်သည် အစည်းအဝေးကာလအတွင်း အရှေ့အလယ်ပိုင်းဒေသ ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိသကဲ့သို့၊ ဇွန်လ ၁၆ ရက် အင်္ဂါနေ့ (မနက်ဖြန်) တွင်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelenskiy) နှင့် သီးခြား အလုပ်လုပ်ရက်အစည်းအဝေး တစ်ခု ပြုလုပ်ရန် စီစဉ်ထားသည်။
ယခုနှစ် G7 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ ထောက်ပြရာတွင် တရုတ်နိုင်ငံအနေဖြင့် ကုန်ပစ္စည်းများကို အလွန်အကျွံ ထုတ်လုပ်နေပြီး၊ အမေရိကန်က အလွန်အကျွံ သုံးစွဲနေကာ၊ ဥရောပတိုက်ကမူ ရင်းနှီးမြှုပ်နှံမှု အားနည်းနေကြောင်း သုံးသပ်ခဲ့သည်။
ထို့အပြင် ကမ္ဘာ့စက်မှုလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော တွင်းထွက်သတ္တုပစ္စည်း (Critical Minerals) များကို အဓိက ထောက်ပံ့နေသည့် တရုတ်နိုင်ငံအပေါ် အလွန်အကျွံ အမှီပြုနေရမှုကို လျှော့ချရန်နှင့် အခြားသော နိုင်ငံများထံမှ ရှာဖွေစုဆောင်းနိုင်ရေး ကိစ္စရပ်များကိုလည်း G7 အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးကြမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲများတွင် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများ ရရှိစေရန်အတွက် ဘရာဇီး၊ အိန္ဒိယ၊ ကင်ညာနှင့် တောင်ကိုရီးယား နိုင်ငံများကိုပါ ဧည့်သည်တော်အဖြစ် ဖိတ်ကြားထားသည်။