တရုတ်၏ ပို့ကုန် ဒုတိယလှိုင်းကို ရင်ဆိုင်ရန် G7 ဆွေးနွေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်။

G7 ဟုခေါ်သည့် စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ထိပ်သီး အစည်းအဝေးတွင် အဓိက ဆွေးနွေးမည့် အကြောင်းအရာများတွင် တရုတ်ပို့ကုန် ဒုတိယ လှိုင်းကို မည်သို့ တု့န်ပြန် ကိုင်တွယ်သွားမည် ဆိုသည့်အကြောင်းအရာ လည်း ပါဝင်ကြောင်း AP သတင်းတွင် ဖော်ပြသည်။

AP သတင်းကို အခြေခံ၍ နိုင်ငံတကာ သတင်းအများအပြားတွင် ဤအကြောင်းအရာကို ဖော်ပြထားကြသည်။

အမေရိကန်ပြည်ထောင်စုက တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်အတုတ်များ တိုးမြှင့်ကာ စီးပွားရေးအရ ပိတ်ဆို့မှုများ လုပ်ဆောင်နေသော်လည်း တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှုစွမ်းအားမှာ ကျဆင်းသွားခြင်း မရှိဘဲ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ $1.2$ ထရီလီယံအထိ စံချိန်တင် ရရှိခဲ့သည်။

အမေရိကန်၏ အခွန်တံတိုင်းကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ ပို့ကုန်များကို ဈေးကွက်ပိုမိုပွင့်လင်းသည့် ဥရောပနှင့် အာရှဒေသများသို့ လမ်းကြောင်းပြောင်းလဲ တင်ပို့လာရာ ၎င်းဖြစ်စဉ်သည် ဥရောပစက်မှုကဏ္ဍကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသည်။

ပြင်သစ်နိုင်ငံ၊ အီဗီယွန် (Évian-les-Bains) မြို့၌ ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေးတွင် ဤကိစ္စရပ်ကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်သည်။

စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်အရ တရုတ်နိုင်ငံ၏ ပို့ကုန် ဒုတိယ လှိုင်းမှာ ပထမလှိုင်းနှင့် အတော်ပင် ကွဲပြားမှု ရှိသည်။

ပထမလှိုင်းသည် တရုတ်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ စတင်ဝင်ရောက်ချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်မှု၏ ၄ ရာခိုင်နှုန်းကိုသာ ရရှိထားပြီး အဝတ်အထည်၊ ပရိဘောဂနှင့် အခြေခံအီလက်ထရွန်နစ်ပစ္စည်းကဲ့သို့သော တန်ဖိုးနိမ့်၊ ကုန်ကျစရိတ်သက်သာသည့် ကုန်ပစ္စည်းများကိုသာ တင်ပို့ခဲ့သည်။

ထိုစဉ်က ပြိုင်ဆိုင်မှုကြောင့် အမေရိကန်ပြည်ထောင်စု၌ စက်ရုံအလုပ်အကိုင်ပေါင်း ၂.၄ သန်းခန့် ဆုံးရှုံးခဲ့ရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်မှု၏ ၁၆ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားပြီး ကမ္ဘာ့ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုကို လွှမ်းမိုးထားသည်။

ယခုအကြိမ်တွင် လျှပ်စစ်ကား (EV)၊ ဘက်ထရီ၊ အဆင့်မြင့်စက်ပစ္စည်းများနှင့် ဆော့ဖ်ဝဲလ်များကဲ့သို့သော နည်းပညာမြင့်၊ တန်ဖိုးမြင့် ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ ဈေးနှုန်းချိုသာစွာဖြင့် အလုံးအရင်း ထိုးဖောက်တင်ပို့လာခြင်း ဖြစ်သည်။

ယင်းကြောင့် ဂျာမနီနိုင်ငံအပါအဝင် ဥရောပ၏ စက်မှုအခြေခံစီးပွားရေးမှာ အကြီးအကျယ် ထိခိုက်လျက်ရှိပြီး ကုန်သွယ်ရေးလိုငွေများ မြင့်တက်လျက်ရှိသည်။

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု အလွန်အကျွံ ပိုလျှံနေသည့် ပြဿနာကို တုံ့ပြန်ရန်အတွက် ဥရောပသမဂ္ဂ (EU) နှင့် ဥရောပခေါင်းဆောင်များအနေဖြင့် ပြင်ဆင်မှုများ ရှိလာသည်။  

တရုတ်နိုင်ငံ၏ ဈေးနှုန်းချိုသာလွန်းသော ပို့ကုန်များကို ဟန့်တားရန်အတွက် ဥရောပသမဂ္ဂအနေဖြင့် ကိုယ်ပိုင်အကာအကွယ်ပေးရေး မူဝါဒများကို ကျင့်သုံးကာ ပိုမိုမြင့်မားသည့် အခွန်တံတိုင်းများ တည်ဆောက်ရန် စဉ်းစားလျက်ရှိသည်။

လက်ရှိတွင် လျှပ်စစ်ကား (EV) များအပေါ် ၃၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ထားသော်လည်း အခြားသော နည်းပညာမြင့် ကုန်ပစ္စည်းများအပေါ်တွင်ပါ အခွန်နှုန်းထားများ ထပ်မံတိုးမြှင့်ရန် ကြိုးပမ်းဖွယ် ရှိသည်။

ဥရောပခေါင်းဆောင်များသည် ဒေါ်နယ်ထရမ့်အနေဖြင့် ဥရောပနှင့် ကာနဒါကဲ့သို့သော အမေရိကန်၏ မဟာမိတ်နိုင်ငံများအပေါ် အခွန်တိုးမြှင့်မည့် အစီအစဉ်များကို ရပ်တန့်ရန် နားချသွားမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံ၏ မမျှတသော ကုန်သွယ်မှုမူဝါဒများကို စုပေါင်းတိုက်ဖျက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတုံ့ဆိုင်းမှုကို ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်။

တရုတ်အစိုးရအနေဖြင့် ၎င်းတို့၏ စက်ရုံများကို အတိုးနှုန်းသက်သာသော ချေးငွေများပေးကာ ပြည်တွင်း၌ အလွန်အကျွံ ထုတ်လုပ်စေပြီး ကမ္ဘာ့ဈေးကွက်သို့ သွန်ပစ်နေသည့် ပြဿနာ (Overcapacity) ကို ပြင်ဆင်ခြင်း မရှိပါက၊ ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်၏ ပိတ်ဆို့မှုပုံစံအတိုင်း ပိုမိုပြတ်သားပြီး ထိရောက်သည့် သွင်းကုန်ပိတ်ဆို့မှုများနှင့် စည်းကြပ်မှုများကို လုပ်ဆောင်သွားရန် မျှော်မှန်းထားသည်။

အစည်းအဝေး အပြီးတွင်တော့ ရလဒ်များ ထွက်ပေါ်လာမည်ဖြစ်သည်။