ဝက်လက်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် အရပ်သားများ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းနှင့် အသေခံ ဒရုန်း များဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

ဇွန်လ ၁၇ ရက် (ယနေ့) နေ့လယ် ၁ နာရီဝန်းကျင်တွင် ဝက်လက်မြို့နယ်မြောက်ခြမ်းရှိ ညောင်ပင်ကြီးတော ကျေးရွာသို့ စစ်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ကာ လေကြောင်းမှ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ သူမ၏ သမီးငယ်နှင့် နောက်ထပ် အမျိုးသမီး တစ်ဦး အပါအဝင် ဒေသခံ ၄ ဦးခန့် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး (ဝမ်းတွင်းရှိ သန္ဓေသားအပါအဝင် ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်)၊ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကာ နွားနှစ်ကောင်လည်း သေဆုံးခဲ့သည်။

ဒေသခံအမျိုးသားတစ်ဦးက ရွာထဲမှာ ဘာတိုက်ပွဲမှမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဝုန်းခနဲ လာကြဲသွားတာ။ ဗုံးသံငြိမ် လို့ သွားကြည့်တော့ ကိုယ်ဝန်သည်မိခင်က သူ့သမီးလေးကို ဖက်ထားလျက်သားလေး သေနေကြတာဗျာ။ သမီး ငယ်လေးက ခေါင်းကိုမှန်သွားတယ်။ သားအမိနှစ်ယောက် ဖက်လျက်လေး သေနေတာဗျ။ တခြား အမျိုးသမီး လည်း ခေါင်းပြတ်သွားသလို ဖြစ်သွားတယ်။ ဒဏ်ရာရတာတွေကလည်း ပြင်းထန်တယ်ဗျ ဟု ပြောသည်။

အလားတူ ယမန်နေ့ ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းကလည်း ဝက်လက်မြို့နယ်တောင်ခြမ်းရှိ ဝက်လူးအိုင်ကျေးရွာ နှင့် နတ်ကုန်းရွာသစ်တို့အတွင်းသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်း (Suicide Drone) ၅ စီး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅၅ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်ဘုတ်ဆုံ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏ သားနှင့်သမီးဖြစ်သူ မောင်နှမနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် သာလိုင်းရွာသစ်ကျေးရွာသို့ ကျရောက်ပေါက်ကွဲသည့် ဒရုန်းကြောင့်လည်း နွားစာတဲတစ်လုံး မီးလောင် ပျက်စီးခဲ့ရသည်။

ဝက်လက်မြို့နယ် သတင်းပြန်ကြားရေးကွန်ရက်က တာဝန်ရှိသူကလည်း မနေ့က ရွှေဘို လေ့ကျင့်ရေး-၈ ဘက် ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်းတွေ ရွာထဲကျလို့ သားအမိ ၃ ယောက်ကို ထိမှန်တယ်။ မိခင်ဖြစ်သူ ဆုံးသွားတာပါ။ ဒီနေ့ ညောင်ပင်ကြီးတောရွာ ဖြစ်စဉ်မှာလည်း ဒေသမှာ စစ်ကြောင်းမရှိဘူး၊ ဘာတိုက်ပွဲမှမရှိဘဲ ဗုံးလာ ကြဲတာ။ ဒေသခံတွေကတော့ အားလုံး တိမ်းရှောင်နေကြရတယ် ဟု သည်။

စစ်တပ်သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ နယ်မြေများကို မြေပြင်ထိုးစစ်များအပြင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ဆက်တိုက်တိုးမြှင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

ဝက်လက်မြို့နယ်အတွင်း၌ပင် ၂၀၂၅ ခုနှစ်မှ စတင်ကာ ယနေ့အထိ တိုက်ပွဲကြီးငယ် ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းအများအပြားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စစ်ရေးတင်းမာမှုများကြောင့် ဝက်လက်မြို့နယ်အတွင်းရှိ သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို အပါအဝင် ကျေးရွာပေါင်း ၅၀ ကျော်မှ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရ သည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်သည်။

စစ်တပ်သည် လက်ရှိတွင် ဝက်လက်မြို့နယ်အရှေ့ခြမ်း သစ်ဆိမ့်ရွာအနီးရှိ ခရိုင်ချင်းဆက်လမ်းမကြီးကို ဝါးချွန် များဖြင့် ပိတ်ဆို့ကာ ဘန်ကာများ ဆောက်လုပ်၍ အသွားအလာ ကန့်သတ်ထားသဖြင့် မြေပြင်တွင် ကုန်စည်ပြတ်လပ်မှုနှင့်လည်း ရင်ဆိုင်နေကြရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်း စစ်တပ် ၏ လေကြောင်းတိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများကြောင့် ကလေးငယ် ၆၅၈ ဦးအပါအဝင် အရပ်သား ၅,၁၈၈ ဦး သေဆုံးခဲ့ပြီး၊ ပြည်သူပိုင်နေအိမ် ၇၅,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။ 

စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ဝက်လက်၊ ကနီ၊ ဆားလင်းကြီး၊ ရွှေဘို၊ ကလေး၊ ဘုတလင် အစရှိသည့် မြို့နယ်များကို လေကြောင်းဗုံးကြဲမှုများ နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။