လေကြောင်းရန်ကြားမှ တော်လှန်နယ်မြေများတွင် ကြားကာလတက္ကသိုလ် ၂၅ ခုကျော် ဝင်ခွင့်ခေါ်ယူနိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

စစ်တပ်၏ လေကြောင်းရန် အန္တရာယ်နှင့် ဘဏ္ဍာရေး အကျပ်အတည်းများကြားမှ တော်လှန်ရေးနယ်မြေ အသီး သီးရှိ ကြားကာလတက္ကသိုလ်ပေါင်း ၂၅ ခုထက်မနည်းသည် အဆင့်မြင့်ပညာရေး ဝင်ခွင့်များကို စတုတ္ထအကြိမ် အထိ စဉ်ဆက်မပြတ် ခေါ်ယူ အကောင်အထည်ဖော်လျက် ရှိသည်။

ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ပညာရေးအဆက်ပြတ်ခဲ့သည့် CDM ကျောင်းသူ၊ ကျောင်းသား များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အခြေခံပညာပြီးမြောက်ကြောင်း အောင်လက်မှတ်ရရှိထားသူ (BECA အောင်မြင်ထားသူ) သုံးသောင်းကျော်အတွက် တက္ကသိုလ်ကောင်စီများကို ၂၀၂၂ ခုနှစ်ကတည်းက စုစည်းကာ ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖက်ဒရယ်ယူနစ်များ အလိုက် မြေပြင်ကျောင်းများကို ထူထောင်လာနိုင်ပြီး ကရင်နီပြည်တွင်တင် အဆင့်မြင့်ကျောင်း ၁၁ ကျောင်းအထိ ရှိလာကာ ဘွဲ့နှင်းသဘင်များပါ ကျင်းပနိုင်ခဲ့သည်။ 

NUG ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေး ကဏ္ဍမှ ဆရာကြီး ဒေါက်တာဦးဝင်းစိန်က ၂၀၂၃ ဧပြီလောက် မှာ အဆင့်မြင့် ပညာရေးညီလာခံကို ပထမဦးဆုံး အကြိမ် ကျင်းပနိုင်ခဲ့တယ်။ အဲ့ဒီညီလာခံရဲ့ ဆုံးဖြတ်ချက်အရ တက္ကသိုလ်တွေကို တရားဝင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ အခု ၂၀၂၆ ထဲမှာ တက္ကသိုလ်ပေါင်း ၂၅ ခုနဲ့အထက် ဝင်ခွင့်တွေ ခေါ်ယူနိုင်လာတာ ဖြစ်ပါတယ် ဟု ပြောသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းက ပြုလုပ်ခဲ့သော ကြားကာလ ဖက်ဒရယ်ပညာရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တွင် အဆင့်မြင့်ပညာနှင့် သက်မွေးပညာကဏ္ဍမှ တာဝန်ရှိသူများက လက်ရှိမြေပြင်ပညာရေး အရွေ့များနှင့် ပတ်သက်၍ မေးမြန်းရာတွင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း ဖက်ဒရယ်ပညာရေးမူဝါဒအရ တိုင်းရင်းသားဒေသများတွင် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး စနစ် (Mother tongue-based education) ကို တရားဝင်ကျောင်းပညာရေး စနစ်အတွင်း ထည့်သွင်းကျင့်သုံးနေပြီ ဖြစ်သည်။

ကြားကာလဖက်ဒရယ် ပညာရေးကောင်စီ (IFEC) ဆရာဦးသိန်းနိုင်က မိခင်ဘာသာစကားအခြေပြု ဘာသာ စကားစုံသင်ကြားရေး Mother tongue-based education စနစ်ကို ကျင့်သုံးဖို့ အတွက်လည်း ပြဌာန်းထား တယ်။ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးစတဲ့ ဘာသာရပ်တွေကိုလည်း ဒေသခံ တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြား ပေးတာက ကလေးတွေရဲ့ တွေးခေါ်မှုစွမ်းရည် ဖွံ့ဖြိုးဖို့နဲ့ လူမှုသဟဇာတဖြစ်ဖို့ အခြေခံကောင်းတွေ ရရှိစေ ပါတယ် ဟု ပြောသည်။

အလားတူ သက်မွေးပညာရေး (Vocational Education) ကဏ္ဍကိုလည်း ၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့ရာ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းဒေသများ၌ ကာလတိုသင်တန်း ၂၈ မျိုးကို ဖွင့်လှစ်ပြီး သင်တန်းသား ၇,၅၀၀ ကျော်ကို လေ့ကျင့်ပေးနိုင်ခဲ့သည်။

သို့သော်လည်း မြေပြင်တွင် အင်တာနက်ပြတ်တောက်မှုနှင့် လုံခြုံရေးခြိမ်းခြောက်မှုများမှာ အဓိကစိန်ခေါ်မှု အဖြစ် ရှိနေဆဲဖြစ်သည်။ 

သက်မွေးပညာကော်မတီမှ ဆရာမ ဒေါ်ရတီအုန်းက ကြားကာလ အနေအထားမှာ သက်မွေးပညာဖြစ်တဲ့ အတွက် လက်တွေ့လုပ်ငန်း ဆောင်ရွက်တဲ့အချိန်မှာ အခက်အခဲ အနည်းငယ်ရှိတာကြောင့်မို့လို့ အွန်လိုင်း သင် ကြားရေး ဘက်မှာတော့ ကျောင်းသားဦးရေ ဆုံးရှုံးတာမျိုးတွေ လျော့နည်းသွားတာမျိုးတွေ ကြုံတွေ့ရပါ တယ်။ ဒါဘာ ကြောင့်လဲဆိုတော့ အင်တာနက် အခက်အခဲရယ် လုံခြုံမှု အဲ့ဒီအခြေအနေကြောင့်မို့လို့ အဲ့ဒီ အခက်အခဲလေးတွေ ရှိပါတယ် ဟု မြေပြင်စိန်ခေါ်မှုများကို ရှင်းပြသည်။

လက်ရှိတွင် ကျောင်းသူ၊ ကျောင်းသားများ တက္ကသိုလ်တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ပညာသင်ယူရာ၌ အဆင်ပြေ စေရန် အပြန်အလှန် အဆင့်အတန်းတူညီစွာ အသိအမှတ်ပြုရေးလုပ်ငန်းစဉ်များကို ဖက်ဒရယ် ယူနစ်အချင်းချင်း စနစ်တကျ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ဓါတ်ပုံ – Karenni College of Social Sciences & Humanities, Karenni Law College