ပြန်ပို့မည့် လူစာရင်း မလေးရှား မြန်မာသံရုံး ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက မလေးရှားနိုင်ငံအတွင်းရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် နေရပ်ပြန်လိုသူများအား စိစစ်ပြီးစီးမှုနှင့် ပြန်လည်ပို့ဆောင်မည့် အခြေအနေများနှင့် ပတ်သက်၍ အသိပေးကြေညာချက်တစ်စောင်ကို ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း (၁၅) ခုတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် သံရုံးအနေဖြင့် ကာယကံရှင်များ၏ ကိုယ်ပိုင်သဘောထားဆန္ဒအရ တင်ပြလျှောက်ထားလာသူများကိုသာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းစိစစ်၍ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဖော်ပြထားသည်။ 

စခန်းအလိုက် ပဏာမအဆင့် နိုင်ငံသားစိစစ်နိုင်သူ စာရင်းနှင့် နေရပ်ပြန်လည်ပို့ဆောင်မည့် လူစာရင်းများ၊ ပြန်လည်ပို့ဆောင်မည့် နေ့ရက်၊ အချိန်နှင့် လေကြောင်းလိုင်း ခရီးစဉ်အမှတ်များကို သံရုံး၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာဖြစ်သော Facebook “Myanmar Embassy in Kuala Lumpur, Malaysia” တွင် ဖော်ပြပေးသွားမည်ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း MALEKA CAMP လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ လူဦးရေ (၁၀၇) ဦးအား နိုင်ငံသားသွားရောက်စိစစ်ခဲ့ပြီးနောက်၊ အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – C.I) ထုတ်ပေးနိုင်သည့် လူဦးရေ (၉၁) ဦး စိစစ်ဆဲ (၁၆) ဦးစာရင်းအား ထုတ်ပြန်ပေးထားသည်။

အထောက်အထား မပြည့်စုံသူများအတွက် ၎င်းတို့နှင့် ပတ်သက်သည့် အထောက်အထားများ ရရှိနိုင်ရေးအတွက် မိသားစုဝင်များနှင့် ဆွေမျိုး/မိတ်ဆွေများက ဆက်သွယ်ဆောင်ရွက်ပေးရန် လိုအပ်ပြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အချက်အလက်ပေးပို့ စိစစ်အတည်ပြုခြင်းများကို လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကာ စိစစ်အတည်ပြုနိုင်သူများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက် ကြေညာအသိပေးသွားမည်ဖြစ်သည်။

ထို့ပြင် မိသားစုဝင်များ သိရှိနိုင်ရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည့်နေ့တွင် ကြိုဆိုနိုင်ရန်အတွက် ယခုကဲ့သို့ အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း သံရုံးက ဆိုသည်။