ရခိုင်ပင်လယ်ပြင်၌ ရေတပ်က လူဖမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်။
ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်အတွင်း သွားလာနေသည့် အရပ်သားကုန်သည်များနှင့် ရေလုပ်သားများကို စစ်ကောင်စီရေတပ်က လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။
ရမ်းဗြဲ၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့တွင် စစ်ရေးပြင်းထန်နေချိန်အတွင်း စီးပွားရေးအရ သွားလာသူများကို စစ်တပ်က ဖမ်းဆီးနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က မင်းပြားမှ ရမ်းဗြဲမြို့နယ်သို့ ကုန်ပစ္စည်းနှင့် ခရီးသည်များ တင်ဆောင်လာသည့် စက်လှေတစ်စီးကို ရမ်းဗြဲကျွန်းအနီး မင်းချောင်းဝတွင် စစ်အုပ်စု ရေတပ်က ဘုတ်များဖြင့် လိုက်လံဖမ်းဆီးခဲ့ ခြင်း ဖြစ်သည်။
အဆိုပါစက်လှေကို ကျောက်ဖြူရေပိုင်နက်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး စက်လှေပေါ်ပါ ရမ်းဗြဲ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် မြေပုံမြို့နယ်တို့မှ ကုန်သည်အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၇ ဦး၊ စုစုပေါင်း ၁၄ ဦးစလုံး ယနေ့အထိ သတင်းအစအန မရဘဲ ပျောက်ဆုံးနေသည်။
ရမ်းဗြဲမြို့နှင့် သံတွဲမြို့အကြား ကုန်စည်ကူးသန်းရောင်းဝယ်နေသူတစ်ဦးက ပင်လယ်ပြင်ခရီးစဉ်အတွင်း ကြုံတွေ့နေရသည့် အသက်အန္တရာယ်စိုးရိမ်ရမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
“ကျနော်တို့ သွားလာနေရင်လည်း နေဗီတွေကို သတိထားရတယ်။ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲက ပင်လယ်ပြင် တစ်ဆက်တည်းဆိုတော့ ကျွန်တော်တို့ သွားနေတာတွေကို သူတို့ မှန်ပြောင်းတွေနဲ့ ကြည့်နေတာ။ တစ်ခါတလေ လက်နက်ကြီးနဲ့ လှမ်းပစ်တာရှိတယ်။ သူတို့ဖမ်းရင်တော့ ပြန်မလွတ်တော့ဘူး၊ သတ်ပစ်မှာပါ။ ဒါကြောင့် ငါးဖမ်းသမားတွေ၊ ကုန်သည်တွေအနေနဲ့ သတိထားဖို့ လိုပါတယ်။”
ရေတပ်သည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ကုန်သည်များသာမက ကျောက်ဖြူ၊ မြေပုံ၊ စစ်တွေ၊ ပေါက်တောနှင့် သံတွဲဘက်မှ ဒေသခံ ငါးဖမ်းရေလုပ်သားများကိုပါ စက်လှေများနှင့်အတူ ဖမ်းဆီးခြင်း၊ ငွေညှစ် ခြင်းနှင့် စက်လှေများကို သိမ်းဆည်းခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း ရမ်းဗြဲမြို့နယ် မင်းကြောင်းတန်းဘက်မှ ဝက်များတင်ဆောင်ကာ ပြန်လာသည့် စက်လှေတစ်စီးကိုလည်း ကျောက်ဖြူမြို့နယ် အောင်လံချိန်ကျေးရွာအောက်ဘက် သံဇစ်မြစ်အတွင်း၌ စစ်တပ် ၏ Speed Boat က စက်သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် စက်လှေပေါ်ပါ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
လက်ရှိတွင် စစ်တပ်သည် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အကြားရှိ ရန်ကုန်-ကျောက်ဖြူ ကားလမ်းပေါ်မှ စနဲမြို့ကို ထိန်းချုပ်ရန် ထိုးစစ်ဆင်နေသကဲ့သို့၊ ရေကြောင်းဘက်မှလည်း သံတွဲ၊ တောင်ကုတ်နှင့် ရမ်းဗြဲမြို့များသို့ ကမ်းတက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းအချက်အလက်များက ဆိုသည်။