ဥရောပ အပူလှိုင်းကြောင့် ပြင်သစ်တွင် နေ့စဉ် လူ ၁၀၀၀ ခန့် ပုံမှန်ထက်ပိုမို သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်။ 

ဥရောပတိုက်တွင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စံချိန်တင် အပူလှိုင်း ရိုက်ခတ်မှုကြောင့် ပြင်သစ်နိုင်ငံ၌ အပူဆုံး ၃ ရက်အတွင်း ပုံမှန်ထက် လူပေါင်း ၁၀၀၀ ‌ကျော်စီ ပိုမို သေဆုံးနေကြောင်း  ပြင်သစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။ 

အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဇွန် ၂၄ ရက်တွင် သေဆုံးသူ ၁,၂၀၀ ကျော်နှင့် ဇွန် ၂၅၊ ၂၆ ရက်များတွင် တစ်ရက်လျှင် ၁,၄၀၀ ကျော်အထိ ရှိခဲ့ရာ သေဆုံးသူများ၏ ၈၅ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။ 

အာရှနိုင်ငံများတွင် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်လွန်သည်အထိ ခံနိုင်ရည်ရှိကြသော်လည်း ပြင်သစ်နိုင်ငံအပါအဝင် ဥရောပနိုင်ငံများတွင် ယခုကဲ့သို့ အပူချိန်မြင့်တက်မှုကြောင့် လူအမြောက်အမြား အသက်ဆုံးရှုံးရခြင်းမှာ ၎င်းတို့၏ အခြေခံအဆောက်အအုံ တည်ဆောက်ပုံ၊ လူဦးရေဖွဲ့စည်းပုံနှင့် လူနေမှုစနစ် ကွာခြားချက်များကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားသည်။ 

အဓိကအကြောင်းအရင်း ၄ ချက် ရှိသည်ဟု ဆိုသည်။ 

၁။ နေအိမ်များတွင် လေအေးပေးစနစ် (Air Conditioning) မရှိခြင်း

ပြင်သစ်နှင့် ဥရောပနိုင်ငံအများစုသည် မူလက အေးမြသောရာသီဥတုရှိသဖြင့် အိမ်ရာနှင့် တိုက်ခန်းများ ဆောက်လုပ်ရာတွင် အအေးဒဏ်ကို ကာကွယ်ရန်နှင့် အပူကို အခန်းတွင်း၌သာ ထိန်းထားနိုင်မည့် စနစ် (Insulation) ကိုသာ ဦးစားပေး တည်ဆောက်ထားကြသည်။ 

သာမန်နေအိမ်များတွင် လေအေးပေးစနစ် (Air Con) တပ်ဆင်ထားလေ့မရှိသဖြင့် ကမ္ဘာကြီးပူနွေးမှုကြောင့် အပူလှိုင်းရိုက်ခတ်ချိန်တွင် အခန်းတွင်းအပူချိန်သည် ပြင်ပထက် ပိုမိုမြင့်တက်လာကာ ပြည်သူများ အပူဒဏ်ကို ပြင်းထန်စွာ ခံစားကြရခြင်းဖြစ်သည်။

၂။ သက်ကြီးရွယ်အို လူဦးရေ ပိုမိုများပြားခြင်း 

ပြင်သစ်နိုင်ငံတွင် အသက် ၇၀ နှင့်အထက် သက်ကြီးရွယ်အို လူဦးရေ အချိုးအစား အလွန်မြင့်မားသည်။ 

အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ အပူဒဏ်ခံနိုင်ရည်စနစ် ကျဆင်းလာခြင်း၊ ရေဓာတ်ခန်းခြောက်လွယ်ခြင်းတို့အပြင် နှလုံးနှင့် သွေးတိုးရောဂါအခံ ရှိသူများပြားသဖြင့် အပူလျှပ်ခြင်း (Heatstroke) အန္တရာယ်ကို အဓိက ခံစားရပြီး အသက်ဆုံးရှုံးကြရသည်။

၃။ တစ်ဦးတည်း နေထိုင်သည့် လူနေမှုစနစ်

ဥရောပ လူနေမှုစနစ်အရ သက်ကြီးရွယ်အိုအများစုမှာ သားသမီးများနှင့် အတူမနေဘဲ အိမ် သို့မဟုတ် တိုက်ခန်းများတွင် တစ်ဦးတည်း သီးခြားနေထိုင်ကြသည်က များသည်။ 

ထို့ကြောင့် အပူလှိုင်းဒဏ်ကြောင့် ခန္ဓာကိုယ်အခြေအနေ ဆိုးရွားလာချိန် သို့မဟုတ် သတိလစ်သွားချိန်တွင် ဘေးမှ ချက်ချင်းကူညီပေးမည့်သူမရှိသဖြင့် အချိန်မီ ဆေးရုံသို့မရောက်နိုင်ဘဲ သေဆုံးမှုနှုန်း မြင့်တက်ရခြင်း ဖြစ်သည်။

၄။ မြို့ပြအပူစုဆောင်းမှုဖြစ်စဉ် (Urban Heat Island)

မြို့တော်ပါရီကဲ့သို့ ရှေးဟောင်းအဆောက်အအုံများ၊ ကွန်ကရစ်လမ်းများနှင့် ကျောက်ခင်းလမ်းများ အလွန်များပြားသည့် မြို့ကြီးများတွင် အဆိုပါ ကွန်ကရစ်နှင့် ကျောက်တုံးများက နေ့ခင်းဘက်တွင် နေပူဒဏ်ကို စုပ်ယူထားပြီး ညဘက်တွင် အပူများကို ပြန်လည်ထုတ်လွှတ်ပေးသည်။ 

ထို့ကြောင့် ညဘက်တွင်ပါ အပူရှိန် ဆက်လက်မြင့်တက်နေသဖြင့် လူ့ခန္ဓာကိုယ်က အပူဒဏ်မှ သက်သာရာရမည့်အချိန် မရှိတော့ဘဲ Shock ရသွားတတ်သည်။

လွန်ခဲ့သော ၂၀၀၃ ခုနှစ်က ဥရောပတွင် ရိုက်ခတ်ခဲ့သည့် အပူလှိုင်းကြောင့် ပြင်သစ်နိုင်ငံတစ်ခုတည်းတွင်ပင် လူပေါင်း ၁၅,၀၀၀ ကျော် သေဆုံးခဲ့ဖူးသည့် သမိုင်းမှတ်တမ်း ရှိခဲ့သည်။ 

ဂျာမဏီနိုင်ငံတွင်မူ အပူချိန် ၄၁.၇ ဒီဂရီ စင်တီဂရိတ် အထိ ရှိခဲ့ပြီး အပူရှိန်ကြောင့် အဝေးပြေးလမ်းမကြီးများ ကွဲအက်ခြင်းနှင့် ရထားလမ်းများ ပျက်စီးခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ 

လိုက်ပ်ဇစ် (Leipzig) မြို့တွင် ကတ္တရာစေးများ အရည်ပျော်ကာ ရထားသံလမ်းများ ပိတ်ဆို့မှုကြောင့် ထရမ်ရထားပြေးဆွဲမှုများ ရပ်ဆိုင်းခဲ့ရသည်။ 

ဟမ်းဘတ်မှ ပရဂ်မြို့သို့ မောင်းနှင်သည့် ရထားတစ်စီးမှာလည်း လျှပ်စစ်လိုင်းပေါ်သို့ သစ်ပင်လဲကျရာမှ စွမ်းအင်ပြတ်တောက်ကာ အဲယားကွန်းများ ရပ်ဆိုင်းသွားသဖြင့် ခရီးသည် ၆၀၀ ကျော်ကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ 

မြို့တော်ဘာလင်တွင် လူထုကို အပူဒဏ်လျှော့ချပေးနိုင်ရန် ရဲတပ်ဖွဲ့သုံး ရေအမြောက်များဖြင့် ရေဖျန်းပေးခဲ့ရသည်။

ချက်နိုင်ငံတွင် သမိုင်းတစ်လျှောက် အမြင့်ဆုံးအပူချိန် ၄၁.၉ ဒီဂရီ စင်တီဂရိတ်နှင့် ပိုလန်တွင် ၄၀.၅ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင် ပူပြင်းခဲ့သည်။ 

ဂျာမနီနိုင်ငံ အရှေ့ဘက်နှင့် အနောက်တောင်ဘက် ဒေသများရှိ တောကမ္ဘာများတွင် ပြင်းထန်သော တောမီးများ လောင်ကျွမ်းခဲ့သည်။ 

ထို့ပြင် အပူလှိုင်းအပြီးတွင် ပြင်းထန်သော မိုးသက်မုန်တိုင်းများနှင့် လျှပ်စီးလက်မှုများ ဖြစ်ပွားခဲ့ရာ ဒိန်းမတ်နိုင်ငံတွင် လျှပ်စီးအကြိမ်ရေ ၁,၁၀၀ ကျော် လက်ခဲ့ပြီး၊ ဆွီဒင်နိုင်ငံရှိ ကစားကွင်းတစ်ခုတွင် လူ ၃ ဦး လျှပ်စီးအန္တရာယ်ကြောင့် ဆေးရုံတင်ခဲ့ရသည်။

ပြင်းထန်သောအပူရှိန်ကြောင့် မြစ်ရေများ ခန်းခြောက်ပြီး ရေအပူချိန် မြင့်တက်လာခြင်းကြောင့် ဟန်ဂေရီနိုင်ငံရှိ ပက်ခ်စ် (Paks) နျူကလီးယားဓာတ်အားပေးစက်ရုံသည် ဒါနုမြစ်ရေကို အအေးခံစနစ်အဖြစ် အသုံးပြုရန် အခက်အခဲရှိလာသဖြင့် လျှပ်စစ်ထုတ်လုပ်မှုကို လျှော့ချခဲ့ရသည်။

အလားတူ အီတလီနိုင်ငံ ပိုမြစ် (Po River) တွင်လည်း မြစ်ရေကျဆင်းမှုကြောင့် ပင်လယ်ရေများ ကုန်းတွင်းပိုင်း ၁၈ ကီလိုမီတာအထိ ဝင်ရောက်လာသဖြင့် စိုက်ပျိုးရေးနှင့် ရေဝပ်ဒေသဂေဟစနစ်များ ထိခိုက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အက်ဒ်ဟာနွန် ဂေဘရီယေဆုစ် (Tedros Adhanom Ghebreyesus) က လက်ရှိတွင် ဥရောပလူဦးရေ ၁၅၀ မီလီယံကျော်သည် ပြင်းထန်သောအပူဒဏ်ကို ခံစားနေရပြီး ဥရောပတိုက်သည် ကမ္ဘာပေါ်တွင် အပူနွေးဆုံးဖြစ်လာမှု အမြန်ဆုံး တိုက်ကြီးဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ 

ကမ္ဘာ့ရာသီဥတုစောင့်ကြည့်ရေးအဖွဲ့ (WWA) ၏ သိပ္ပံပညာရှင်များ၏ လေ့လာချက်အရ ယခုကဲ့သို့ စံချိန်တင် အပူလှိုင်းနှင့် စိုထိုင်းဆ မြင့်တက်မှုမျိုးသည် ရာသီဥတုပြောင်းလဲမှု (Climate Change) နှင့် ကမ္ဘာကြီးပူနွေးမှုတို့ကြောင့်သာ ဖြစ်ပွားနိုင်ပြီး၊ လွန်ခဲ့သော ဆယ်စုနှစ် ၅ ခုခန့်ကဆိုပါက ယခုကဲ့သို့ ဖြစ်ပွားရန် လုံးဝမဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။

Photo:(Laurent Cipriani / AP)