စစ်တပ်က ဂွမြို့နယ်သို့ အင်အားဖြည့် ထိုးစစ်ဆင် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်။

ဧရာဝတီတိုင်း၊ ရေကြည်နှင့် ပုသိမ်အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အားများဖြင့် ရခိုင်ပြည်၊ ဂွမြို့နယ် အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် စစ်တပ်က ကြိုးပမ်းနေသောကြောင့် ရခိုင်-ဧရာဝတီအစပ်တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

လက်ရှိတွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်၌ တိုက်ပွဲများ ပိုမိုပြင်း ထန်လာနေပြီး၊ စစ်တပ်ဘက်က ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် ကုန်းလမ်း၊ ရေလမ်းတို့မှလည်း နည်းလမ်းမျိုးစုံဖြင့် ထိုးဖောက်ရန် ကြိုးစားနေ ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းနှင့် ရခိုင်ရိုးမအစပ်တွင် ဖြစ်ပွားနေသည့် စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ရေကြည်ဒေသခံ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

အခု ရေကြည်-ရခိုင်အစပ် ကြောင်လျှာဒေသမှာ အေအေက စခန်းကုန်းတွေသိမ်းတယ်လို့ ထုတ်ပြန်ပေးလိုက် တော့ သူတို့ (စစ်ကောင်စီ) ဘက်က ပိုပြီးအင်အားဖြည့်နေတာ။ အဲဒီစခန်းတွေကို ပြန်ရအောင် လေကြောင်းပါ ကူနေတယ်။ အသုတ်မြို့ကို အခြေပြုပြီး အင်အားတွေစုကာ မနေ့ကမနက်ပိုင်းကပဲ ရေကြည်ဘက်ကနေ ရခိုင် အစပ်ကို စစ်ကား အစီး ၂၀ ကျော် ထပ်တက်သွားတယ်။ အခုရက်ပိုင်းအတွင်း ပြည်သူတွေကို ပိုပြီး ပိတ်ဆို့ စစ်ဆေး တားဆီးတာတွေလည်း များနေတယ်။ ရေကြည်-ရခိုင်ရိုးမအစပ်က ရွာတွေကတော့ လူမနေနိုင်တာ ကြာပါပြီ။

အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် ဇွန် ၁၇ ရက်မှ ၂၁ ရက်နေ့အတွင်း စစ်တပ်၏ ပွိင့် (၂၈၈)၊ ပွိင့် (၁၈၈) နှင့် ပွိင့် (၁၄၈) စခန်းကုန်းများကို အသီးသီး သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်အချို့၏ ရုပ် အလောင်းများနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

စစ်တပ်သည် လက်ရှိတွင် စစ်မှုထမ်းသစ်များအပါအဝင် ထုတ်နုတ်အင်အား ၄၀၀ ကျော်ဖြင့် ကြိမ်ဖန်များစွာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း အာရက္ခတပ်တော်ဘက်က ဆိုသည်။

ထို့ပြင် စစ်တပ်သည် ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ပဲခူးအစပ်တို့အပြင် ရက္ခိုင်ပြည်နယ်နှင့် ထိစပ်နေသော ချင်းပြည်၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့အစပ် နေရာများအပါအဝင် အာရက္ခတပ်တော် လှုပ်ရှားရာ နယ်မြေ အနှံ၌ လူလှိုင်းစစ်ဗျူဟာ (လူအင်အား အလုံးအရင်း) ကို အသုံးပြုကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

Photo:CINCDS