နန်းမယ်ခုံမြို့အနီးကို တိုက်ပွဲမရှိဘဲ စစ်တပ် ဗုံးကြဲတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်။
ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့နယ်မြေအတွင်း လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တည်ငြိမ်နေသော်လည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် နန်းမယ်ခုံမြို့အနီးရှိ ဆင်တောင်ကျေးရွာနှင့် ဝီသဲကူးကျေးရွာအကြား အပါအဝင် အနည်းဆုံး နေရာ ၂ နေရာထက် မနည်းကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံးထက်မနည်း ဆက်တိုက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း လူထုထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ရွာပြင်နှင့် တောင်ကုန်းများ ပေါ် ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီဘက်မှာ တိုက်ပွဲဖြစ်နေတာလည်း မရှိဘူး။ လူထုက သူ့ဘာသာသူ အေးအေးဆေးဆေး နေထိုင်နေကြတာ။ နေ့တိုင်း ဒရုန်းတွေနဲ့ လာလာပြီး ကင်းထောက်နေတာလည်း ရှိတယ်။ အခုကတော့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ရုတ် တရက် လာကြဲတာ။ ဗုံးသံတွေက တရစပ်ပဲ၊ တောင်ကုန်းတွေရော၊ ရွာပြင်တွေရော ကျကွဲတာ။ လူတွေ မထိ ပေမယ့် အိမ်တချို့ ပျက်စီးသွားတယ်။ ဘယ်အချိန် ထပ်လာဦးမလဲဆိုပြီး အကုန် ကြောက်လန့်နေကြရတယ်။”
ယခုကဲ့သို့ စစ်တပ်က လေကြောင်းမှ လာရောက်ဗုံးကြဲရခြင်းမှာ ဇွန် ၂၈ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ အတွင်းရှိ စစ်တပ်က ကာကင်းစခန်းများကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနှင့် လက်နက်ခဲယမ်း သိမ်းဆည်းခံရမှုများ ရှိခဲ့ခြင်းကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးက သုံးသပ်သည်။
စစ်တပ်သည် မိုးဗြဲမြို့မှတစ်ဆင့် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ နန်းမယ်ခုံမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်း ထိုးရန် ကြိုးပမ်းနေသော်လည်း ကရင်နီတပ်ပေါင်းစု၏ ခုခံမှုကြောင့် မိုးဗြဲအနီးတွင်သာ ရပ်တန့်နေရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၂၄ ရက်နေ့ကလည်း နန်းမယ်ခုံမြို့အနီး လီဝိုးကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဗုံးစထိမှန်မှုကြောင့် အသက် ၆ နှစ်နှင့် ၁၀ နှစ်ဝန်းကျင် အရွယ်ရှိ ကလေးငယ် ၂ ဦး သေဆုံးခဲ့ရ သေးသည်။
စစ်တပ်၏ ကင်းထောက်မှုနှင့် လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှု အန္တရာယ်များအကြား ဒေသခံများနှင့် စစ်ဘေး ရှောင်များ ရင်ဆိုင်နေရသည့် အခြေအနေနှင့် ပတ်သက်ပြီး မြေပြင်စစ်ရှောင်ကူညီသူတစ်ဦးက ယခုကဲ့သို့ ပြော သည်။
“ဒီဘက်မှာက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာရော၊ နေ့တိုင်း ဒရုန်းနဲ့ ဝဲနေတာရော ကြောင့် အခြေအနေက အမြဲ စိုးရိမ်နေရတယ်။ စစ်ရှောင်တွေဆိုရင်လည်း လုံခြုံရေးအန္တရာယ်ကြီးရဲ့ ကြား ထဲကပဲ ဝမ်းရေးအတွက် ရုန်းကန်နေကြရတာ။ ဘယ်အချိန် ဗုံးကျမလဲ မသိရတဲ့ ဘဝတွေမို့ ကလေးတွေရော၊ လူကြီးတွေပါ စိတ်ခြောက်ခြား နေကြရပါတယ်။”
အဆိုပါ နန်းမယ်ခုံမြို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ကုန်ပိုင်းကတည်းက အလုံးစုံ ထိန်းချုပ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တပ်က နယ်မြေ ပြန်လည်စိုးမိုးနိုင်ရေး အတွက် မိုးဗြဲ-ဒီးမော့ ဆို လမ်းပိုင်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် ကြိုးပမ်းနေသည်။