စစ်တပ် အင်အားအလုံးအရင်းဖြင့် မင်းတုန်းမှ ရခိုင်ရိုးမသို့ စစ်ကြောင်းပြန်ထိုးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်း ကျေးရွာများမှတစ်ဆင့် ရခိုင်ရိုးမပေါ်သို့ စစ်တပ်က အင်အား အလုံးအရင်းဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကြောင်းပြန်လည်ထိုးလျက်ရှိကြောင်း ဒေသခံစစ်ရေး သတင်း ရင်းမြစ်များက ပြောသည်။
သရက်မြို့အခြေစိုက် ခလရ (၄၄)၊ ကပစ (၁၂) နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) လက်အောက်ခံ အင်အား ၇၀၀ ဝန်းကျင်ရှိသော စစ်ကြောင်းကြီးသည် ဇွန် ၂၅ ရက်နေရ ညပိုင်းတွင် မင်းတုန်းမြို့သို့ ရောက်ရှိ တပ်စွဲခဲ့ပြီး၊ ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် မင်းတုန်းမြို့နယ် အနောက်ခြမ်းရှိ သဖန်းရောင်နှင့် ပြောင်းကျေးရွာ တို့မှတစ်ဆင့် ရခိုင်ရိုးမပေါ်သို့ တက်သွားခဲ့ခြင်း ဖြစ်သည်။
ပထမအကြိမ် ထိုးစစ်ဆင်စဉ်က ကြုံတွေ့ခဲ့ရသည့် မြေပြင်အခြေအနေနှင့် ပတ်သက်၍ မင်းတုန်းမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။
“ဇွန်လဆန်းကတည်းက အင်အားလေးရာ လောက်နဲ့ စစ်တပ်က ရခိုင်ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားတာ။ အေအေက စနိုက်ပါတွေ၊ ဗုံးတွေနဲ့ ပြန်ခံ နေတော့ လန်ကျ (ဆုတ်ခွာ) တယ်။ အဲဒီတော့ လေယာဉ် ပစ်ကူပေး တယ်၊ မရရအောင် တက်ခိုင်းတယ်။ စစ်မှု ထမ်းသစ်တွေ ထွက်ပြေးတယ်။ အကျအဆုံးများတော့ ပြန်ဆုတ် တယ်” ဟု ပြောသည်။
ထို့နောက် “တိုက်ပွဲက တစ်ပတ်လောက်ပဲ ရပ်ပြီး တပ်ဆိုင်ထားတာ။ အခု စထိုးပြီး တိုက်ပွဲက ဖြစ်တော့မယ်။ သဖန်းရောင်နဲ့ ပြောင်းရွာမှာ ပေါ်တာဆွဲထားတဲ့ ပြည်သူတွေ အထုပ်တွေသယ်ပြီး လိုက်နေကြရတယ်” ဟု မင်းတုန်းမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ဆက်ပြောသည်။
စစ်တပ်သည် ရခိုင်ရိုးမပေါ်ရှိ နယ်မြေများကို ပြန်လည်စိုးမိုးရန် ကြိုးပမ်းခဲ့သော်လည်း အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာကာ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေ သည့် အခြေအနေတွင် အနည်းဆုံး စစ်ကြောင်း ၃ ခုခွဲကာ ဒုတိယအကြိမ် ပြန်လည်ထိုးစစ်ဆင်လာခြင်း ဖြစ် သည်။
အဆိုပါ မင်းတုန်းမြို့နယ်အနောက်ခြမ်း ကျေးရွာများမှတစ်ဆင့် ရခိုင်ရိုးမကို ကျော်လွန်ပါက ရခိုင်ပြည်၊ မအီမြို့ နှင့် တောင်ကုတ်မြို့တို့ တည်ရှိသည်။
လက်ရှိတွင် ရခိုင်ရိုးမခြေအနီးရှိ ပြောင်းကျေးရွာနှင့် သဖန်းရောင်ကျေးရွာတို့၌ စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ ဝင်အချို့ တပ်စွဲထားပြီး၊ အနီးပတ်ဝန်းကျင်ကျေးရွာများကိုလည်း ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့်နှင့် ကျေးရွာဝင်ထွက်ခွင့်များကို ပိတ်ပင်တားမြစ်ထားသည်။
ရခိုင်-မကွေးအစပ်နှင့် ရခိုင်-ပဲခူးအစပ်တို့တွင် စစ်တပ်က လူအင်အားအများအပြား အသုံးပြုကာ ထိုးစစ်ဆင် နေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း အာရက္ခတပ်တော် (AA) ဘက်က သတင်းထုတ်ပြန်ထား သည်။