ထိုင်းနိုင်ငံ လော့ဘူရီတွင် မျောက် ကောင်ရေ ၁၀၀ နီးပါး ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။
ထိုင်းနိုင်ငံ အလယ်ပိုင်း လော့ဘူရီမြို့ရှိ စည်ပင်သာယာအဖွဲ့၏ မျောက်ထိန်းသိမ်းရေးစခန်း (Lopburi Municipality Animal Nursery) မှ ဇွန်လ ၂၉ ရက် (တနင်္လာနေ့) ညပိုင်းက မျောက်အကောင်ရေ ၁၀၀ နီးပါး ခြံစည်းရိုးအား ဖောက်ဖျက်ကာ ထွက်ပြေးသွားခဲ့ကြောင်း Khaosod သတင်းတွင် ဖော်ပြထားသည်။
ဇွန်လ ၃၀ ရက် နံနက်ပိုင်းတွင် ထွက်ပြေးသွားသည့် မျောက်များသည် အနီးနားရှိ လူနေအိမ်ခြေများအတွင်းသို့ ဝင်ရောက်မွှေနှောက်ခဲ့သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက အင်တိုက်အားတိုက် လိုက်လံဖမ်းဆီးခဲ့ရသည်။
အဆိုပါ စခန်းအတွင်းရှိ အခြားမျောက်အကောင်ရေ ၁,၀၀၀ ကျော်ကိုမူ ဝန်ထမ်းများက အပြင်သို့ ထပ်မံထွက်မပြေးနိုင်ရန် အချိန်မီ ထိန်းသိမ်းတားဆီးနိုင်ခဲ့သည်။
လတ်တလောတွင် ဖမ်းဆီးရလွယ်ကူသည့် မျောက်အချို့အား အစာပြ၍ လှောင်အိမ်အတွင်းသို့ ပြန်လည်ဝင်ရောက်စေရန် မြှူဆွယ်ဖမ်းဆီးလျက်ရှိပြီး အဖမ်းရခက်ခဲသည့် မျောက်အုပ်စုခေါင်းဆောင် မျောက်ကြီးများကိုမူ မေ့ဆေးသေနတ်များ အသုံးပြု၍ ဖမ်းဆီးလျက်ရှိသည်။
တစ်ဖက်တွင်လည်း ဝန်ထမ်းများက ပျက်စီးသွားသော ခြံစည်းရိုးများကို ပြန်လည်ပြုပြင်ကာ ပိုမိုခိုင်ခံ့အောင် လုပ်ဆောင်လျက်ရှိသည်။
ရေရှည်စီမံကိန်းအနေဖြင့် မျောက်များ ထပ်မံထွက်မပြေးနိုင်စေရန် ခြံစည်းရိုးများကို “နှစ်ထပ်”စနစ်ဖြင့် ပိုမိုခိုင်ခံ့အောင် တည်ဆောက်သွားမည်ဖြစ်ပြီး မျောက်များ၏ အစားအစာနှင့် ရန်ပုံငွေအဖွဲ့ တစ်ခုကိုလည်း တည်ထောင်ရန် ပြင်ဆင်လျက်ရှိသည်။
လော့ဘူရီမြို့တော်ဝန်က အဆိုပါဖြစ်ရပ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည့် ဒေသခံပြည်သူများကို တောင်းပန်ခဲ့ပြီး မျောက်များကြောင့် နေအိမ် သို့မဟုတ် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးခဲ့ပါက အစိုးရမှ ကူညီပံ့ပိုးပေးနိုင်ရေးအတွက် လာရောက်သတင်းပို့ကြရန် အသိပေး နှိုးဆော်ထားသည်။