တစ်လကျော်ကြာ ချင်းတောင်ပိုင်း တိုက်ပွဲတွင် စစ်တပ် အထိနာနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်။

ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ချင်းပြည်သူ့ တပ်မတော် (CPA) နှင့် မဟာမိတ်ပူးပေါင်းတပ်များက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ရာနှင့် ချီ ထိခိုက်သေဆုံးပြီး စစ်ကြောင်းများ ဖွဲ့စည်းပုံပျက်ကာ ဆုတ်ခွာသွားခဲ့ရကြောင်း ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်သည်။

မေလ ၁၆ ရက်နေ့ကတည်းက စတင်ခဲ့သည့် ယင်းတိုက်ပွဲများအတွင်း ချင်းပြည်သူ့တပ်မတော် (CPA) နှင့်အတူ ယောဒေသမှ တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် YDF၊ YA စသည့် မဟာမိတ်တပ်များက ဟန်ချက်ညီညီ ပူးပေါင်းကာ တန်ပြန်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ 

ဇူလိုင်လ ၂ ရက်နေ့တွင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) က ထုတ်ပြန်ရာ၌ စစ်တပ်ထံမှ ရုပ်အလောင်းများ၊ သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းအမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့ ကြောင်း ဖော်ပြထားသည်။ 

တရားဝင်ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားခြင်း မရှိသော်လည်း ချင်းတောင်ပိုင်းတိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) လည်း ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း မြေပြင်သတင်းများအရ သိရသည်။

မင်းတပ်ဒေသခံ တစ်ဦးက လေယာဉ် မလာတဲ့ရက် မရှိဘူး။ မနက် အစော ၄ နာရီခွဲ ဝန်းကျင်မှာ တံတားဦး လေတပ်က တက်ဂျက်ဖိုက်တာ ၂ စီးက မင်းတပ်မြို့ အရှေ့ခြမ်းနေရာတွေကို ၄ ကြိမ်၊ ဗုံး ၈ လုံးကြဲချပြီး လေကြောင်း တိုက်ခိုက်သွားတယ်လို့ ကြားသိရတယ်။ Y12 ဗုံးကြဲလေယာဥ် ၅ နာရီကျော် ၆ နာရီလောက်မှာ ဗုံး အလုံး ၄၀ ကျော် ကြဲချပြီး လေကြောင်းနဲ့ တိုက်ခိုက်ခဲ့သေးတယ်။ ကျနော်တို့ သိရသလောက် မြေပြင်မှာ လည်း တိုက်ပွဲက နေ့တိုင်း ဖြစ်နေတယ်လို့ ကြားတယ် ဟု ပြောသည်။

မြေပြင်တိုက်ပွဲများတွင် အထိနာနေသည့် စစ်တပ်သည် စစ်ရေးပစ်မှတ်များအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်ဘက်ပစ်မှတ်များကိုပါ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြုကာ နေ့စဉ်ရက်ဆက် ရမ်းသန်းပစ်ခတ် တိုက်ခိုက်လျက်ရှိသည်။ 

မင်းတပ်မြို့နယ်တွင် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ၂၄ နာရီအတွင်း တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များကို အသုံးပြုကာ ဗုံးအလုံးရေ ၁၀၀ ကျော်အထိ အပြင်းအထန် ကြဲချခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ အရပ်ဘက်ကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ ပြည်သူ ဒါဇင်ချီသေဆုံးခဲ့ရပြီး နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ 

ဇွန်လ ၂၉ ရက်နေ့က စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် မင်းတပ်မြို့အနီးရှိ ရွာတစ်ရွာမှ အသက် ၁၀ နှစ်အောက် မိန်းကလေးငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် မင်းတပ်ဒေသခံတစ်ဦးက စစ်တပ်က မြေပြင်မှာ အထိနာလေ လေ ယာဉ်နဲ့ လာကြဲလေပဲဗျာ။ တိုက်ပွဲမရှိတဲ့ အရပ်သားရွာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ လာဗုံးကြဲတာ။ ပြီးခဲ့တဲ့ ရက် ကပဲ မင်းတပ်နားက ရှိမ်းရွာမှာ ကလေးမလေး သုံးယောက် လေယာဉ်ဗုံးထိပြီး ဆုံးသွားတယ်။ ဆွေမျိုးအုပ်စု ထဲက ညီအစ်မတွေဗျာ။ ကလေးတွေမှာ ဘာအပြစ်ရှိလို့လဲ။ ရွာထဲမှာလည်း နေလို့မရတော့ဘူး၊ တောထဲတောင် ထဲမှာ စစ်ရှောင်တဲတွေဆောက်ပြီး နေနေရတာကိုတောင် လိုက်ကြဲနေတာ။ လူတွေလည်း နေ့တိုင်း သေကြေ ဒဏ်ရာရနေကြရတယ် ဟု ပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ထုတ်ပြန်ချက်အရ မင်းတပ်မြို့နယ်အတွင်း ဧပြီလ ၁၁ ရက်မှ ဇွန်လ ၂၂ ရက်အထိ နှစ်လတာကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၄၄၀ ထက်မနည်း ရှိခဲ့ပြီး တစ်ရက်တည်းတွင် ဗုံးကြဲမှု ၉၁ ကြိမ်အထိ ပြုလုပ်ခဲ့သည့် ရက်များပင် ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်သည် ချင်းပြည် မြောက်ပိုင်းရှိ ဖလမ်းနှင့် တွန်းဇံမြို့များကို ပြန်လည်ထိန်းချုပ်ပြီးနောက် နယ်စပ်ကုန်သွယ်ရေး စခန်းရှိရာ ရိဒ်မြို့သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသကဲ့သို့၊ ချင်းပြည်တောင်ပိုင်းတွင် လည်း ရခိုင်-မကွေး-ချင်း ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

ကန်ပက်လက်တွင် အင်အား ၂၅၀ ဝန်းကျင်၊ မင်းတပ်တွင် အင်အား ၈၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများမှာ ရက်ရှည်ပြင်းထန်လာမည့် သဘောရှိနေသည်။

ချင်းပြည်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာနှင့် ဆူရ်ခွား မြို့များကို စိုးမိုးထိန်းချုပ်ထားပြီး၊ ပလက်ဝနှင့် ဆမီးမြို့တို့ကိုမူ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။ 

စစ်တပ်ဘက်ကမူ မြို့တော်ဟားခါး အပါအဝင် ဖလမ်း၊ ထန်တလန်၊ တီးတိန်၊ ခိုင်ကမ်း၊ ဝေဘူလနှင့် တွန်းဇံမြို့ များကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။