TikTok တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း နမ်းခဲ့သည့် အင်ဒိုနီးရှားစုံတွဲတစ်တွဲကို ကြိမ်ဒဏ် ၂၁ ချက်စီ အပြစ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။
အင်ဒိုနီးရှားနိုင်ငံ၏ အစ္စလာမ်ဘာသာရေးဥပဒေ အလွန်တင်းကျပ်သည့် အာချေး (Aceh) ပြည်နယ်တွင် TikTok ပေါ်၌ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်စဉ် အနမ်းခြွေခဲ့သည့် အိမ်ထောင်မရှိသေးသော စုံတွဲတစ်တွဲကို အများပြည်သူရှေ့မှောက်၌ ကြိမ်ဒဏ် ၂၁ ချက်စီ ခတ်နှက်အပြစ်ပေးခဲ့သည်။
အသက် ၂၂ နှစ်အရွယ် အမျိုးသားနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတို့ စုံတွဲသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မော်တော်ယာဉ်တစ်စီးအတွင်း အတူရှိနေစဉ် TikTok အပလီကေးရှင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကာ နမ်းခဲ့ကြခြင်း ဖြစ်သည်။
၎င်း TikTok ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့ပြီးနောက် ဒေသခံများက သက်ဆိုင်ရာ ဘာသာရေးအာဏာပိုင်များထံ တိုင်ကြားခဲ့သဖြင့် ပြီးခဲ့သည့် ဧပြီလတွင် အဆိုပါစုံတွဲ ဖမ်းဆီးခြင်းခံခဲ့ရသည်။
၎င်းတို့နှစ်ဦးသည် တရားဝင်လက်ထပ်ထားခြင်းမရှိဘဲ အများပြည်သူမြင်ကွင်း (အွန်လိုင်း) ပေါ်တွင် ယခုကဲ့သို့ ပြုမူခဲ့ခြင်းမှာ ဘာသာရေးဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ တရားရုံးက သာမန်အားဖြင့် ကြိမ်ဒဏ် ၂၅ ချက်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် စုံတွဲသည် ထောင်တွင်း၌ ၄ လခန့် အချုပ်ခံခဲ့ရပြီးဖြစ်သဖြင့် တရားရုံးက ကြိမ်ဒဏ် ၂၁ ချက်စီသို့ လျှော့ပေါ့သတ်မှတ်ပေးခဲ့ပြီး ကြာသပတေးနေ့က ပြည်နယ်မြို့တော် ဘန်ဒါအာချေး (Banda Aceh) ရှိ ပန်းခြံတစ်ခု၏ စင်မြင့်ထက်တွင် လူပေါင်း ၁၀၀ ကျော်၏ ရှေ့မှောက်၌ ဝတ်စုံနက်ဝတ်ဆင်ထားသည့် အာဏာပိုင်များက ကြိမ်လုံးဖြင့် ရိုက်နှက်အပြစ်ပေးခဲ့သည်။
ထို့ပြင် သက်သေခံပစ္စည်းဖြစ်သည့် ၎င်းတို့၏ လက်ကိုင်ဖုန်းနှင့် ဗီဒီယိုဖိုင်ပါရှိသော USB Drive တို့ကိုလည်း သိမ်းဆည်းဖျက်ဆီးခဲ့သည်။
အင်ဒိုနီးရှားတစ်နိုင်ငံလုံးတွင် အာချေးပြည်နယ်တစ်ခုတည်းသာ ယခုကဲ့သို့ အစ္စလာမ်ဘာသာရေး ဥပဒေကို သီးသန့်ကျင့်သုံးခွင့် ရရှိထားခြင်းဖြစ်သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ယခုကဲ့သို့ အများပြည်သူရှေ့မှောက်တွင် ကြိမ်ဒဏ်ခတ်ခြင်းသည် လူသားဆန်မှုကင်းမဲ့ပြီး လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်မှာ အလွန်အမင်း ပြင်းထန်လွန်းကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။