ကနေဒါအစိုးရ ဒေါ်လာဘီလီယံ ၁၀၀ တန် ရေငုပ်သင်္ဘောသစ်စီမံကိန်းအတွက် ဂျာမနီရွေးချယ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။ 

ကနေဒါရေတပ်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျခံတည်ဆောက်မည့် ရေငုပ်သင်္ဘောသစ်များအတွက် ဂျာမနီနိုင်ငံအခြေစိုက် သင်္ဘောကျင်းကုမ္ပဏီတစ်ခုကို အဓိကဦးစားပေးကန်ထရိုက်အဖြစ် ရွေးချယ်လိုက်ကြောင်း ကနေဒါအစိုးရက ကြေညာသည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ (Mark Carney) သည် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော် တန်ဖိုးရှိသည့် ရေငုပ်သင်္ဘော ၁၂ စီး ဝယ်ယူရေးစီမံကိန်းကို တရားဝင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါစီမံကိန်းသည် ရေရှည်ပြုပြင်ထိန်းသိမ်းမှုစရိတ်အပါအဝင်ဆိုပါက စုစုပေါင်းဒေါ်လာဘီလီယံ ၁၀၀ ကျော်အထိ ရှိလာနိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကနေဒါအစိုးရသည် ယခုစီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဂျာမနီ-နော်ဝေမဟာမိတ်အဖွဲ့၏ နည်းပညာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းလုပ်ဆောင်ချက်သည် ကနေဒါအနေဖြင့် အာရှ-ပစိဖိတ်ဒေသထက် ဥရောပဘက်သို့ ပထဝီနိုင်ငံရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်လာသည့်သဘောဖြစ်ကြောင်း စစ်ဘက်လေ့လာသူများက သုံးသပ်ကြသည်။ 

ထို့ပြင် မကြာမီကျင်းပမည့် နေတိုး (NATO) ထိပ်သီးအစည်းအဝေးမတိုင်မီ ကနေဒါ၏ စစ်ရေးစွမ်းဆောင်ရည်မြှင့်တင်မှုကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

ဂျာမနီကုမ္ပဏီဘက်က ပထမဆုံး ရေငုပ်သင်္ဘော ၄ စီးကို လာမည့် ၂၀၃၆ ခုနှစ်ထက် နောက်မကျဘဲ ကနေဒါလက်ထဲသို့ အရောက်ပေးပို့ရမည်ဖြစ်ရာ ယင်းကာလသည် ကနေဒါရေတပ်တွင် လက်ရှိအသုံးပြုနေသည့် သက်တမ်းရင့်ရေငုပ်သင်္ဘောဟောင်းများကို အနားပေးမည့်အချိန်နှင့် ကိုက်ညီနေကြောင်း သိရသည်။