ပြင်သစ်တောမီးကြောင့် လူပေါင်းသောင်းချီ ရွှေ့ပြောင်းရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။ 

ပြင်သစ်နိုင်ငံတောင်ပိုင်း စပိန်နိုင်ငံနယ်စပ်အနီးတွင် တောမီးများ အပြင်းအထန် လောင်ကျွမ်း နေမှုကြောင့် အနီးနားရှိ မြို့ရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူ ၁ သောင်းကျော်သည် နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းနေကြရသည်။

လက်ရှိတွင် လေပြင်းများတိုက်ခတ်နေမှုကြောင့် မီးငြှိမ်းသတ်ရန် ခဲယဉ်းနေပြီး ယမန်နေ့ညပိုင်းအထိ မီးသတ်သမား ၄ ဦးအပါအဝင် စုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိထားကာ မြေဟက်တာ ၄,၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီးဖြစ်သည်။

အခြေအနေ ဆိုးရွားနေသဖြင့် ဥရောပသမဂ္ဂ (EU) က ဆိုက်ပရပ်စ်နှင့် ဆွီဒင်နိုင်ငံတို့မှတစ်ဆင့် ရေဗုံးကြဲလေယာဉ် ၄ စီးနှင့် မီးသတ်သမား ၁၀၀ ကျော်ကို ပြင်သစ်နိုင်ငံသို့ အရေးပေါ်စေလွှတ်ကူညီပေးလျက်ရှိသည်။ ယခုကဲ့သို့ တောမီးအပြင်းအထန်လောင်ကျွမ်းရခြင်းမှာ ပြီးခဲ့သည့် မေလနှင့် ဇွန်လများကတည်းက ကြုံတွေ့ခဲ့ရသည့် စံချိန်တင်အပူလှိုင်းဒဏ်ကြောင့် မြေပြင်များခြောက်သွေ့နေခြင်းကြောင့်ဖြစ်ပြီး ယခုအပတ်အတွင်း၌လည်း အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ဆက်လက်မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။

အလားတူ နယ်စပ်တစ်ဖက်ခြမ်း စပိန်နိုင်ငံတွင်လည်း တောမီးကြောင့် သဘာဝဘေးမဲ့တောမြေများ ပျက်စီးခဲ့ရပြီး၊ အနီးအနားရှိ ပေါ်တူဂီနိုင်ငံတွင်လည်း ဧက ၂၅,၀၀၀ ခန့်ရှိ မြေရိုင်းများ တောမီးလောင်ကျွမ်းမှုဒဏ်ကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရသည်။