မဲခေါင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း ပူးတွဲလေ့လာရန် မြန်မာ-လာအို သဘောတူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။ 

မြန်မာနှင့် လာအို နှစ်နိုင်ငံနယ်စပ် မဲခေါင်မြစ်တစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်နိုင်ရေးအတွက် ပူးတွဲဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုများ (Joint Feasibility Studies) ပြုလုပ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက်ရရှိခဲ့သည်။

အဆိုပါသဘောတူညီချက်ကို ဇူလိုင်လ ၄ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ပြုလုပ်ခဲ့သည့် မြန်မာစစ်အုပ်စုခေါင်းဆောင်၏ လာအိုနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ စီမံကိန်းကို မြန်မာနိုင်ငံမှ Primus Sapphire Power ကုမ္ပဏီနှင့် လာအိုနိုင်ငံမှ Phongsupthavy Group ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး လေ့လာဆန်းစစ်မှုများကို ၃၄ လအတွင်း အပြီးသတ်ရန် သတ်မှတ်ထားကြောင်း ထိုင်းအခြေစိုက် The Nation သတင်းတွင် ဖော်ပြထားသည်။

ယခုရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ပေါ်လာပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂,၇၉၀ အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သဖြင့် နယ်စပ်ဒေသများ၏ စွမ်းအင်လုံခြုံရေးကို မြှင့်တင်ပေးနိုင်မည့်အပြင်၊ မဲခေါင်ဒေသခွဲနှင့် အာဆီယံဒေသတွင်း ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ရည်မှန်းချက်များကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများက ပြောကြားသည်။ ထို့ပြင် ယခုစီမံကိန်းသည် မြန်မာ-လာအို ချစ်ကြည်ရေး၏ အရေးပါသောပြယုဂ်တစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ ထိခိုက်မှုစံနှုန်းများကိုလည်း နှစ်နိုင်ငံဥပဒေများနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားမည်ဟု ဆိုသည်။