AA ထိုးစစ်ကိုကာကွယ်ရန် ဧရာဝတီပြည်သူ့စစ်များကို စစ်တပ်က လက်နက်တပ်ဆင်ပေးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။ 

စစ်ရေးအရ စိုးရိမ်စရာဖြစ်လာသည့် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ၏ တန်ပြန် ထိုးစစ်ကို ကာကွယ်ရန်အတွက် ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူ့စစ်များကို စစ်တပ်က လက်နက်များ တပ်ဆင်ပေးနေပြီဖြစ်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ဧရာဝတီခန်းမ၌ ရွှေသောင်ယံမြို့ နယ်မြေအတွင်းရှိ ကျေးရွာများမှ အသစ်ဖွဲ့စည်းထားသော ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံစစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက နတခ တာဝန်ရှိသူတွေ စစ်တပ်အရာရှိတွေက ပေါ်တင် ပြောထားတာပဲ။ ဧရာဝတီတိုင်း ဘယ်မြို့နယ်က ပြည်သူ့စစ်မဆို လက်နက်လိုချင်ရင်ပြော တပ်ပေးမယ်လို့ ဥက္ကဋ္ဌတွေက တစ်ဆင့် မှာတယ် ဟု ပြောသည်။

ထို့ပြင် လက်နက်တပ်ဆင်ပေးခြင်း ခံရသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ဒေသခံပြည်သူများအပေါ် ဖိနှိပ် ငွေညှစ် နေမှုများနှင့် ပတ်သက်၍လည်း ယခုကဲ့သို့ ဆက်ပြောသည်။

စစ်မှုထမ်းတပ်သားသစ်တွေ အခုလောက်မခေါ်ခင်ကတည်းက ပြည်သူ့စစ်တွေ က စစ်တပ်နဲ့ပေါင်းပြီး စစ်ရှောင်တွေကို နှိပ်စက်ခဲ့တာပဲလေ။ ဒါပေမယ့် ပြည်သူ့စစ်တွေက စစ်မှုထမ်းတပ်သားသစ်တွေကို စစ်တပ်နဲ့ ပေါင်းဖမ်း ငွေညှစ်လိုက်၊ ရခိုင်စစ်ရှောင်တွေကို ဧည့်စာရင်းစစ်လိုက် ငွေတောင်းလိုက် စစ်မှုထမ်း ပို့လိုက်ပဲ လုပ် နေတာ။ဟု အဆိုပါ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“အခုရွှေသောင်ယံက အယောက် ၅၀ လောက် လက်နက်ပေးလိုက်ပြီ။ ကားတွေပေါ် လက်နက်ကား ယားနဲ့ အော်ဟစ်သွားလာနေတာ တွေ့ရပါတယ် ဟု ဆက် ပြောသည်။

လက်ရှိတွင် စစ်တပ်သည် ဧရာဝတီတိုင်း စစ်မျက်နှာတွင် အင်အားလိုအပ်ချက်ရှိနေပြီး အကျအဆုံး များပြားနေသောကြောင့် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်မြေအပြင် လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်၊ အသုပ်နှင့် သာပေါင်းဒေသများတွင်ပါ ထိုသို့ လက်နက်တပ်ဆင်ပေးရန် ကြိုးပမ်းလျက်ရှိသည်။ 

သို့သော်လည်း ပြည်သူ့စစ်အချို့မှာ လက်နက်ရရှိပါက ရှေ့တန်းထွက် စစ်တိုက်ရမည်ကို စိုးရိမ်သဖြင့် ရှောင်တိမ်းမှုများလည်း ရှိနေသည်။

အဆိုပါ လက်နက်ထုတ်ပေးသည့် အခမ်းအနားသို့ နတခ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိ သူများ တက်ရောက်ကာ စစ်ဝတ်ပစ္စည်းများနှင့် လက်နက်များ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် စစ်တပ်သည် ရခိုင်ရိုးမတောင်ခြေတစ်လျှောက်ရှိ စခန်းများ၊ ရေကြည်မြို့နယ် မြောက်စမ်း အခြေစိုက် အမြောက်တပ်ရင်း အမတ (၃၄၄) နှင့် ပုသိမ်-မုံရွာ ကားလမ်းမပေါ်ရှိ တပ်စခန်းများသို့ အင်အားသစ် အဖြစ် တပ်မ (၆၆) ကိုပါ အင်အားဖြည့်တင်းထားသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း စစ်တပ်နှင့် AA အပါအဝင် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး၊ စစ်တပ်ဘက်မှ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့ရှိ စစ်စခန်းအချို့ကို ဆက်တိုက်လက်လွှတ်ဆုံးရှုံးနေရသည်။ 

စစ်တပ်သည် အဓမ္မစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းသို့ ပို့လွှတ်နေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လူအင်အားနှင့် လက်နက်ခဲယမ်း အမြောက်အမြား ပြုန်းတီးဆုံးရှုံးနေရကြောင်း မြေပြင်သတင်းများက ဆိုသည်။