ယူကရိန်းက ကာကွယ်ရေး ဝန်ကြီးနှင့် ဝန်ကြီးချုပ် အပြောင်းအလဲလုပ်မှုအပေါ် ဆန္ဒပြမှုများ ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။
ယူကရိန်းနိုင်ငံတွင် စွမ်းအင်ကဏ္ဍ အကြီးအကဲဟောင်း ဖြစ်သူ ဆာဂီ ကိုရက်စကီး (Sergii Koretskyi) အား ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ယူကရိန်းလွှတ်တော်က အတည်ပြုလိုက်သည်။
၎င်းသည် သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelenskyy) ၏ အစိုးရအဖွဲ့သစ် ပြုပြင်ပြောင်းလဲရေး အစီအစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ထောင်နှင့်ချီသော ပြည်သူများက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြနေသည့် ကြားမှပင် သမ္မတ ဇလန်းစကီးသည် ပြည်သူအများ ထောက်ခံမှုရရှိထားသည့် ကာကွယ်ရေးဝန်ကြီး မီခိုင်းလို ဖီဒိုရော့ဗ် (Mykhailo Fedorov) အား ရာထူးမှ ဖယ်ရှားခဲ့သည်။
လောလောဆယ်တွင် ယူကရိန်း လုံခြုံရေးစီမံခန့်ခွဲမှုအဖွဲ့ (SBU) ၏ အကြီးအကဲ ယဗ်ဟီးနီ ခမာရာ (Yevhenii Khmara) အား ကာကွယ်ရေးဝန်ကြီးအဖြစ် ယာယီ တာဝန်ပေးအပ်ထားသည်။
သမ္မတ ဇလန်းစကီး၏ ပြောကြားချက်အရ အစိုးရအဖွဲ့ကို အကြီးအကျယ် ပြင်ဆင်ဖွဲ့စည်းရခြင်းမှာ ရုရှားနိုင်ငံ၏ ကျူးကျော်မှုကို တုံ့ပြန်ရန် စစ်ဗျူဟာသစ်များ ချမှတ်နိုင်ရေးနှင့် ဥရောပသမဂ္ဂ (EU) သို့ ဝင်ရောက်နိုင်ရေး လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်လာစေရန်ဟု ဆိုသည်။
သို့သော် လက်ရှိတွင် ရာထူးမှ ဖယ်ရှားခံရသူ ဖီဒိုရော့ဗ်ကို ထောက်ခံသည့်အနေဖြင့် ယူကရိန်းလေတပ် ဒုတိယစစ်သေနာပတိချုပ် အပါအဝင် နည်းပညာအကြံပေးအဖွဲ့များပါ ရာထူးမှ နုတ်ထွက်သွားခဲ့ကြသည်။
အဆိုပါ အပြောင်းအလဲများကြောင့် စစ်ပွဲအတွင်း နည်းပညာပိုင်းဆိုင်ရာနှင့် ဒရုန်းစစ်ဆင်ရေးကဏ္ဍများတွင် အားနည်းသွားမည်ကို ယူကရိန်းပြည်သူများက စိုးရိမ်ပူပန်လျက်ရှိပြီး ထောင်နဲ့ချီသည့် ပြည်သူများ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။