ပုသိမ်၌ စားသုံးဆီဈေး တဟုန်ထိုးတက်ပြီး ရှားပါးမှုကြုံတွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စားသုံးဆီဈေးနှုန်းများ ယခင်က တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ်အထိ တဟုန်ထိုး ဈေးနှုန်းမြင့်တက်သွားကြောင်း မြို့ခံများက ပြောသည်။
ပုသိမ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့မှစတင်ကာ စားသုံးဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ ခန့်အထိ မြင့်တက်သွားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ဈေးဆိုင်အချို့၌ ဝယ်ယူ၍ပင် မရတော့ကြောင်း အိမ်ရှင်မ အချို့က ဆိုသည်။
အမှတ် ၂ ရပ်ကွက်မှ ဈေးဝယ်သူ အသက် ၅၀ ခန့်ရှိ အမျိုးသမီးတစ်ဦးက “အခုက ဆီဈေးက ၂၀၀၀၀ ဖြစ်နေပြီ ဒါပေမဲ့ ဆိုင်တိုင်းဝယ်မရဘူး တချို့ဆိုင်တွေကမရှိဘူး။ ကုန်နေပြီဆိုပြီး မရောင်းကြဘူး။ ဈေးတက်မှာမို့ တမင် မရောင်းဘဲ တက်ဈေးကိုစောင့်ပြီး လှောင်ထားကြတာလေ” ဟု ပြောသည်။
ထို့ပြင် ဈေးနှုန်းကြီးမြင့်နေသည့်အပြင် ဝယ်ယူရရှိသည့် ဆီများမှာလည်း အရည်အသွေး ညံ့ဖျင်းနေကြောင်း ဆိုသည်။ ငဝန်ကျွန်းသာ ၁ လမ်းမှ အိမ်ထောင်ရှင်မတစ်ဦးကလည်း စားသုံးဆီတစ်ပိဿာကို ၂၀,၀၀၀ ကျပ် ပေးဝယ်ရသော်လည်း ကျဲတောက်တောက်နှင့် ဆီအရည်အသွေး ညံ့ဖျင်းပြီး အသုံးမခံသော ဆီဖြစ်နေသဖြင့် စားအုန်းဆီ စစ်စစ်မဟုတ်ဘဲ အရောအနှော လုပ်ထားသည့်ဆီ ဖြစ်နေသည်ဟု ဆိုသည်။
အဆိုပါ ဈေးကွက်အတွင်း ဆီရှားပါးပြီး ဈေးနှုန်းလှုပ်ခတ်လာရခြင်းမှာ မြို့ပေါ်ရှိ စားသုံးဆီကုန်သည်ကြီးအချို့ ဖမ်းဆီးခံရမှုနှင့်လည်း သက်ဆိုင်နေသည်ဟု ဆိုသည်။
စားသုံးဆီ ရောင်းချသူတစ်ဦးက “ပုသိမ်မြို့ပေါ်က စားသုံးဆီ ကုန်သည်ကြီးတစ်ဦး ပြီးခဲ့တဲ့ပတ်ထဲမှာ အဖမ်း ခံရတယ်။ ဘာကြောင့်ရယ်တော့ မသိဘူး။ အဲဒီအချိန်ထဲက စပြီး မြို့ပေါ်မှာ ကောလဟာလတွေနဲ့ ဈေးက လှုပ် နေပြီ” ဟု ပြောသည်။
အလားတူ ဆီဈေးကွက် ကမောက်ကမဖြစ်ရသည့် နောက်ကွယ်တွင် စစ်အုပ်စု၏ ပြည်ပဆီတင်သွင်းမှု လျှော့ချ သည့် မူဝါဒကြောင့်လည်း ဖြစ်သည်။
စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်က စားသုံးဆီကို ပြည်ပမှ မှာယူတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ အမြောက်အမြား သုံးစွဲနေရသောကြောင့် တင်သွင်းမှုပမာဏကို လျှော့ချမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း က ပြောဆိုခဲ့ပြီးနောက်ပိုင်းတွင် စားသုံးဆီခွဲတမ်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၃၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်း ဆီကုန်သည်ကြီးများက ပြောသည်။
ဆီကုန်သည်ကြီးများနှင့် နီးစပ်သူတစ်ဦးက “ပြည်တွင်းစားသုံးမှုလုံလောက်တာ မလုံလောက်တာထက် နိုင်ငံခြား ငွေ မထွက်ဖို့က ပိုအရေးကြီးနေတာ အဲတော့ ဆီရှားမယ် ပစ္စည်းရှားတော့ဈေးကြီးမယ်” ဟု ပြောသည်။
စစ်တပ်သည် ပြည်သူ့စားဝတ်နေရေးထက် ၎င်းတို့၏အတ္တနှင့် ကိုယ်ကျိုးကိုသာ ရှေ့တန်းတင်သည့် အဖွဲ့အစည်း ဖြစ်ပြီး ပြည်သူအပေါ် မည်သည့်အချိန်ကမျှ စိတ်ရင်းစေတနာကောင်း မရှိခဲ့ကြောင်း ပုသိမ်မြို့မှ ၈၈ မျိုးဆက် နိုင်ငံရေးသမားတစ်ဦးက ဝေဖန်ထားသည်။
လက်ရှိ ပုသိမ်မြို့ပေါ် ဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀၊ ဧရာဝတီပဲဆီ တစ်ပိဿာ လျှင် ၂၄,၀၀၀ ကျပ်နှင့် ပဲဆီသန့် တစ်ပိဿာလျှင် ၂၆,၀၀၀ ကျပ်အထိ ဈေးပေါက်နေသော်လည်း ဈေးဆိုင်တိုင်း တွင် ဝယ်ယူ၍မရဘဲ ပြတ်လပ်မှုများနှင့် ဆက်လက်ကြုံတွေ့နေရကြောင်း မြို့ခံများက ပြောဆိုကြသည်။