ဖူးခက်တွင် မူးယစ်မောင်းနှင်သည့် မြန်မာယာဉ်မောင်းကြောင့် လူ ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်၊ သာလန်း (Thalang) မြို့နယ်တွင် အရက်သေစာ သောက်စားထားသည့် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးက မော်တော်ဆိုင်ကယ်များကို ဆက်တိုက်ဝင်တိုက်ခဲ့သဖြင့် လူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။
ဖြစ်စဉ်မှာ လွန်ခဲ့သည့် စနေနေ့ ညနေ ၇ နာရီခွဲဝန်းကျင်က တန်ဆိုင်း (Ton Sai) ရေတံခွန်အဝင်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံသား အောင်မင်းဦး မောင်းနှင်လာသော ဆူဇူကီး ပစ်ကပ်ကားသည် မော်တော်ဆိုင်ကယ်တစ်စင်းကို ပထမဆုံး ဝင်တိုက်မိခဲ့ပြီး အခင်းဖြစ်ပွားရာမှ ထွက်ပြေးရန် ကြိုးစားခဲ့သည်။
ထို့နောက် မီတာ ၁၀၀ အကွာ ရပ်ထားသည့် ဆိုင်ကယ် ၃ စင်းကို ထပ်မံဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယာဉ်တိုက်မှုကြောင့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့မှာ ဆေးရုံတွင် သေဆုံးသွားခဲ့ပြီး အသက် ၃၆ နှစ်နှင့် ၆၀ အရွယ် အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ရဲတပ်ဖွဲ့က ယာဉ်မောင်း အောင်မင်းဦးအား အခင်းဖြစ်နေရာတွင်ပင် ဖမ်းဆီးရမိခဲ့သည်။
သွေးတွင်း အယ်လ်ကိုဟော ပမာဏကို စစ်ဆေးရာတွင် ဥပဒေက သတ်မှတ်ထားသည့် ပမာဏထက် ၄ ဆကျော် လွန်ကဲနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။