တောင်ကိုရီးယားနိုင်ငံတွင် သမိုင်းတစ်လျှောက် အမြင့်ဆုံးအပူချိန် 41.4°C အထိ စံချိန်တင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။

တောင်ကိုရီးယားနိုင်ငံတွင် ခေတ်သစ်မိုးလေဝသတိုင်းတာမှု သမိုင်းတစ်လျှောက် အမြင့်ဆုံးအပူချိန်အဖြစ် သောကြာနေ့က 41.4°C အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

အရှေ့တောင်ပိုင်းရှိ ယန်ဆန်း (Yangsan) မြို့တွင် နေ့လယ် ၁ နာရီ ၄၀ မိနစ်အချိန်က စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်က တိုင်းတာရရှိခဲ့သော စံချိန်ဟောင်း 41.0°C ကို ကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။

ယန်ဆန်းမြို့တွင် အပူချိန် 40°C အထက်သို့ ၃ ရက်ဆက်တိုက် ရောက်ရှိနေပြီး၊ နိုင်ငံတစ်ဝန်းတွင်လည်း အမြင့်ဆုံး အပူလှိုင်းသတိပေးချက်များ ထုတ်ပြန်ထားရသည်။

ယခုကဲ့သို့ အပူချိန် အလွန်အမင်း မြင့်တက်လာရခြင်းမှာ ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းနှင့် တိဗက်ဒေသရှိ လေဖိအားကြီးရပ်ဝန်း နှစ်ခု ပေါင်းဆုံကာ ကိုရီးယားကျွန်းဆွယ်ကို အဖုံးတစ်ခုသဖွယ် ဖုံးအုပ်လိုက်ခြင်းကြောင့် အပူငွေ့များ ပိတ်လှောင်မိပြီး ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း တောင်ကိုရီးယား မိုးလေဝသဌာနက ရှင်းလင်းထားသည်။

လာမည့်သီတင်းပတ်တွင်မူ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း၌ ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် (Dolphin) ၏ ရွေ့လျားမှု လမ်းကြောင်းပေါ် မူတည်၍ ကိုရီးယားကျွန်းဆွယ်၏ ရာသီဥတုအခြေအနေ အပြောင်းအလဲ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

Photo:AFP