ကျည်ကျရောက်မှုများကြောင့် မဲဆောက်နယ်စပ်ကို ထိုင်းအာဏာပိုင်များ ကွင်းဆင်းစစ်ဆေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်၊ ဖလူးဒေသဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းဘက် ခြမ်းထိ ကျည်များကျရောက်ခဲ့ပြီးနောက် နယ်စပ်တကြောတွင် လုံခြုံရေးပိုင်းဆိုင်ရာ တင်းကျပ်ထားပြီး အနီးကပ် စောင့်ကြည့်မှုများ လုပ်ဆောင်နေသည်။
မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက် မြို့နယ်အတွင်းသို့ ကျည်ဆန်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိလာခဲ့ သည့်အတွက် တာ့ခ်ခရိုင်အာဏာပိုင်များနှင့် လုံခြုံရေးတာဝန်ရှိသူများက နယ်စပ်ဒေသသို့ အရေးပေါ် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
မဲဆောက်ဘက်ခြမ်းတွင် နေထိုင်သည့် မြန်မာတစ်ဦးက “ထိုင်းဘက်ခြမ်းက အကြီးအကဲတွေ လာတယ်။ ပြည် ထဲရေးက ဒုဝန်ကြီး ကိုယ်တိုင်လာတယ်လို့ ကျနော်တို့ သိထားတယ်။ လုံခြုံရေးကတော့ သိတဲ့အတိုင်းပဲ မြန်မာ ဘက်မှာ အသံမြည်ပြီဆိုရင် ချက်ချင်းပဲ ဒီဘက်က နယ်စပ်တကြောနဲ့ လမ်းတွေ ကုန်လုံး အပြည့်ပဲ။ ပိုဆိုးတာ က ဖြစ်တိုင်း ထိုင်းဘက်ခြမ်းက ရွာတွေထဲ ကျည်တွေ လက်နက်ကြီးတွေ ကျတာကိုးဗျ။ ၂ ရက်နေ့က ကျည်ဆံ တွေကျတာတော့ လူထိခိုက်တာမျိုးတော့ မကြားဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် တာ့ခ်ခရိုင် အာဏာပိုင်များဖြစ် ကြသည့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးတို့နှင့်အတူ ဖုတ်ဖရခရိုင်ထဲမှ နယ်စပ်ဒေသ အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြပြီး ဒေသခံပြည်သူများနှင့်ပါ တွေ့ ဆုံခဲ့ ကြသည်။
အဆိုပါအဖွဲ့သည် မဲဆောက်မြို့ရှိ စစ်ဆင်ရေးစခန်းတစ်ခုသို့ ဆက်လက် သွားရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၊ မြဝတီ ခရိုင်ဘက်ခြမ်းတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကို တိုက်ရိုက် စောင့်ကြည့်ခဲ့ကြသည်။
နယ်စပ်ကွပ်ကဲရေးစင်တာ၏ ထုတ်ပြန်ချက်အရ မြန်မာဘက်ခြမ်းတွင် ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲများ ကြောင့် ကျည်ဆန်အချို့သည် ထိုင်းနိုင်ငံဘက်ခြမ်း၊ မဲဆောက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၏ နယ်မြေ အတွင်းသို့ ကျရောက်ခဲ့သဖြင့် အရပ်သားနေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
သို့သော် အရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှု သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
ဒေသတွင်း ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး နယ်စပ်ဒေသခံတစ်ဦးက “တိုက်ပွဲတွေက နယ် စပ်နဲ့ အရမ်းနီးကပ်လာတော့ ကျည်ဆန်တွေ အခု ကျနော်တို့ နေတဲ့ ထိုင်းဘက်ခြမ်း ကျလာတာပေါ့ဗျာ။ အိမ် တွေ ထိခိုက်ပျက်စီးတာတွေ ရှိလာတော့ လုံခြုံရေးအတွက် တော်တော်လေး စိုးရိမ်ပူပန်လာရတယ်” ဟု လက်ရှိရင်ဆိုင်နေရသည့် အခြေအနေကို ပြောပြသည်။
ထိုသို့ နယ်စပ်ဖြတ်ကျော် ကျရောက်လာသည့် ကျည်ဆန်များကြောင့် ထိုင်းပြည်သူများ၏ အသက်အန္တရာယ်နှင့် ပစ္စည်းဥစ္စာလုံခြုံရေး ထိခိုက်မှုကို ကာကွယ်ရန်အတွက် ရာဇမနူအထူးတပ်ဖွဲ့ (Ratchamanu Task Force) သည် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်စပ်ကော်မတီ (TBC) ထံသို့ ကန့်ကွက်စာ ပေးပို့ထားပြီး ဖြစ်သည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နယ်စပ်ဖြတ်ကျော် ထိခိုက်မှုများ မရှိစေရေးအတွက် နိုင်ငံတကာ စံနှုန်းများ နှင့်အညီ သင့်လျော်သော တုံ့ပြန်ပစ်ခတ်မှုဆိုင်ရာ မူဝါဒများကို ကိုင်စွဲသွားမည်ဖြစ်ပြီး၊ လိုအပ်လာပါက အခြေ အနေအလိုက် တန်ပြန်ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အာဏာပိုင်များက သတိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များသည် နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများနှင့် ကင်းလှည့် မှုများကို အပြည့်အဝ အသင့်အနေအထားဖြင့် ပြင်ဆင်ထားရှိပြီး၊ အဆိုပါ ပဋိပက္ခတွင် ထိုင်းနိုင်ငံအနေဖြင့် မည်သည့် ဘက်ကမျှ ပါဝင်ပတ်သက်နေခြင်း မရှိဘဲ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေးကိုသာ အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
ဓါတ်ပုံ – TAK PRD