စစ်တွေတွင် စစ်တပ်က ရေရှည်ခံစစ်အတွက် ပြင်ဆင်ပြီး ခံစစ်စခန်းများ တိုးချဲ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။

ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး ဆတ်ရိုးကျချောင်း အနီး ကုန်းမြေနှင့် ရေပြင် နှစ်ခုစလုံးတွင် ခံစစ်စခန်းအချို့ တိုးချဲ့တည်ဆောက်နေကြောင်း စစ်ရေးသတင်း အရင်း အမြစ်များက ပြောသည်။

လက်ရှိတွင် ကုလားတန်မြစ်ဝနှင့် စစ်တွေကမ်းလွန် ပင်လယ်ပြင်တို့၌ စစ်ရေယာဉ်များကို ပိတ်ဆို့တပ်စွဲထား သည့် အပြင် ဆတ်ရိုးကျတံတားအနီး အဆောက်အအုံအချို့၌ စခန်းချထားကာ ဆတ်ရိုးကျချောင်းအတွင်း၌ လည်း ခံစစ်အဆောက်အအုံ အသေးစားတစ်ခုကို တည်ဆောက်လျက်ရှိသည်။

စစ်တွေမြို့ စစ်ရေးသတင်းအရင်းအမြစ်က စစ်တွေမြို့က စစ်တပ်လုံခြုံရေးကို ခန့်မှန်းဖို့ ခက်တယ်၊ သေချာ တာကတော့ ခံစစ်ကို အသေတည်ဆောက်တဲ့ပုံစံ၊ ဆတ်ရိုးကျ တဘက်ကမ်းက ရွာတွေကို မီးရှို့ဖြိုဖျက်ပြီးလို့ တော်တော်ကြာတဲ့အထိ ချောင်းထဲမှာရော ကမ်းမှာရော အသွားအလာ အဆုတ်အတက်ပဲ လုံခြုံရေးများတယ်ဟု ပြောသည်။

ဆတ်ရိုးကျချောင်းအနီးရှိ ဒေသခံနေအိမ်အချို့နှင့် ဆိုင်ခန်းများကို စစ်တပ်က ပြောင်းရွှေ့ခိုင်းသည်ဟု ဒေသ တွင်းသတင်းများ၌ ဖော်ပြထားသော်လည်း ယင်းအချက်ကို သတင်းနှင့် မီဒီယာ ကွန်ရက် အနေဖြင့် သီးခြား အတည် မပြုနိုင်သေးပေ။

စစ်တပ်သည် စစ်တွေမြို့၌ ခံစစ်အတွက် အဆင့်မြှင့်တင် ပြင်ဆင်လျက်ရှိရာ စစ်တွေလေဆိပ်နှင့် တပ်ရင်း/တပ်ဖွဲ့ စခန်းများ ပတ်လည်တွင် လက်နက်ကြီးများ ပစ်ကူပေးနိုင်ရန် အသင့်ပြင်ထားပြီး မြို့တွင်း လူနေအိမ်အချို့၌ လည်း တစ်ခါတရံ တပ်စွဲနေထိုင်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်တွေဒေသခံက အခုရက်ပိုင်းမှာတော့ ဆတ်ရိုးကျချောင်းကမ်းနားက အဆောက်အအုံတွေမှာ တပ်စွဲထားပြီ။ ချောင်းထဲမှာလည်း အဆောက်အအုံ အသေးတစ်ခု ဆောက်နေတယ်။ ဆတ်ရိုးကျဘက်ကနေ အေအေ ဝင်လာနိုင်တယ်လို့ ယူဆပုံ ပါပဲ ဟု ပြောသည်။

ထို့ပြင် စစ်တွေ-ရန်ကုန် လမ်းမကြီး အပါအဝင် မြို့ဝင်လမ်းကြောင်းများနှင့် တံတားများကို ဘာရိယာ (Barrier) များ (ကွန်ကရင်တုံးများ၊ သံဆူးကြိုး တားတုံးများ)၊ သဲအိတ်များနှင့် ဆူးကြိုးခွေများဖြင့် ပိတ်ဆို့ထားကာ စစ်ဆေးရေးဂိတ်များကို တိုးမြှင့်ထားသည်။ 

မြို့ပေါ်ရပ်ကွက်များ၊ စုပေါင်းရုံးအနီး၊ လမ်းဆုံလမ်းခွများနှင့် အစိုးရရုံးစိုက်ရာ နယ်မြေများ၌လည်း ဘန်ကာ အသစ်များ ဆောက်လုပ်ခြင်း၊ ကင်းစခန်း အင်အား ပိုမိုချထားခြင်းများ ဆောင်ရွက်ထားသည်။

လက်ရှိတွင် စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ဝန်းရံပိတ်ဆို့ထားခြင်း ဖြစ်ပြီး ရေချမ်းပြင်ကျေးရွာအနီး၊ ဝါဘိုကျေးရွာအနီးနှင့် စစ်တွေ-ရသေ့တောင် နယ်စပ်နေရာများကို စစ်တပ်နှင့် AA တို့ နယ်မြေစိုးမိုးနိုင်ရေး အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိသည်။

ဓါတ်ပုံ – RFA