စစ်ဘေးသင့်နေသည့် မြန်မာနိုင်ငံအထက်ပိုင်းတွင် ရေဘေးကြောင့် သေဆုံးသူ ၂၅ ဦးအထိ ရှိလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။
ရေဘေးနှင့် စစ်ဘေး အလူးအလဲခံနေရသည့် မြန်မာနိုင်ငံအထက်ပိုင်းတွင် ရေဘေးကြောင့် သေဆုံးသူ ၂၅ ဦးအထိ ရှိလာပြီဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ် လိုက်ခြင်းတို့ကြောင့် တိုင်းနှင့် ပြည်နယ် ၄ ခုရှိ မြို့နယ် ၂၁ ခုတွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှုနှင့် ရင်ဆိုင် နေရပြီး သေဆုံးသူ ၂၅ ဦးအထိ မြင့်တက်လာကြောင်း (NUG) က ဆိုသည်။
ဩဂုတ်လ ၁၂ ရက်နေ့ စာရင်းများအရ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့တွင် ရေဘေးကြောင့် ပျောက်ဆုံးနေသူ ၈ ဦးရှိပြီး စုစုပေါင်း လူဦးရေ ၄၅၂,၆၆၃ ဦးခန့် ဘေးဒုက္ခကြုံတွေ့နေရသည်။
ထို့ပြင် ရေဘေးကြောင့် သေဆုံးသူ အရေအတွက်လည်း ဆက်တိုက် တိုးလာနေပြီး NUG ၏ ဩဂုတ် ၁၁ ရက် စာရင်းများအရ စစ်ကိုင်းတိုင်းအတွင်း ကျွန်းလှမြို့နယ်တွင် ၈ ဦး၊ ဒီပဲယင်းမြို့နယ်တွင် ၇ ဦး၊ ကောလင်းမြို့နယ် တွင် ၃ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံး၊ တန့်ဆည်မြို့နယ်တွင် ၂ ဦး၊ ရွှေဘို၊ ကန့်ဘလူနှင့် ခင်ဦးမြို့နယ်တို့တွင် ၁ ဦးစီ သေဆုံးခဲ့ကြောင်း သိရသည်။
ယခုအခါ ရေဘေးသင့် ဒေသများတွင် ရေဘေးအပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုပါ ပူးတွဲစိုးရိမ်နေရကြောင်း ရေဘေးကူညီပေးနေသည့် စစ်ကိုင်းတိုင်း၊ ပြောသည်။
ယခုအခါ စစ်ကိုင်းတိုင်းသည် အိမ်ထောင်စု ၅၁,၈၅၉ စုမှ လူဦးရေ ၂၂၇,၄၉၁ ဦးဖြင့် ထိခိုက်ဆုံးရှုံးမှု အဆိုးရွားဆုံး ခံစားနေရကာ ရေဘေးသင့် ဒေသများတွင် ရေဘေးအပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကိုပါ ပူးတွဲစိုးရိမ်နေရကြောင်း မြေပြင်၌ အကူအညီပေးနေသူများနှင့် ဒေသခံများက ပြောသည်။
ရွှေဘိုမြို့ခံတစ်ဦးက “စစ်ရှောင်စခန်းတွေော ရွာတွေရောပါ ရေမြုပ်ကုန်တာ။ စစ်ရှောင်တဲတွေဆို ရေထဲမျောပါ ကုန်လို့ ပြေးစရာ မြေမရှိတော့ဘူး။ လမ်းတံတားတွေလည်း ကျိုး၊ ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးတွေလည်း ပြတ်နေ တော့ ကူညီရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ရတာ အတော်ခက်တယ်။ ဒါ့အပြင် ကျနော်တို့ ဒေသကို ရေဘေးကြားထဲ စစ်ကောင်စီက လေကြောင်းကပါ ဗုံးကြဲမှာကို စိုးရိမ်နေရတော့ ဒုက္ခက နှစ်ထပ်ကွမ်းဖြစ်နေကြတာ။ ခင်ဦး ဘက်ဆိုလည်း လေကြောင်းက ဗုံးကြဲတာတွေ ကြားနေရတာဆိုတော့ဗျာ” ဟု အဆိုပါ ဒေသခံက ပြောသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ မြောင်နှင့် မင်းကင်း၊ မန္တလေးတိုင်းမှ မြင်းခြံနှင့် ညောင်ဦး၊ ပဲခူးတိုင်းမှ တောင်ငူနှင့် မကွေးတိုင်းမှ ဧရာဝတီမြစ်ကမ်းဘေး မြို့နယ်များသို့ မြစ်ရေများ ဆက်လက် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်နေရသည်ဟု NUG က ဆိုသည်။
ထို့ပြင် စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေဝင်ပျက်စီးထားသည့်အပြင် အဓိကအားဖြင့် သက်ကြီးရွယ်အို များ၊ နာတာရှည်ရောဂါသည်များ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးသူငယ်များအတွက် အာဟာရနှင့် ဆေးဝါး စောင့်ရှောက်မှုများ အရေးတကြီး လိုအပ်နေသည်။
ရေဘေး၌ အကူအညီပေးနေသူ ခင်ဦးဒေသခံ အမျိုးသားတစ်ဦးကလည်း “ငွေကြေးလွှဲရတာ ခက်တာရယ်၊ လမ်းတွေပိတ်ကုန် လို့ ကုန်ပစ္စည်းဝယ်ရတာ ကြန့်ကြာတာတွေက အဓိက အခက်အခဲပါပဲ။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက် အာဟာရနဲ့ ဆေးဝါးတွေက လုံးဝမလုံလောက်တော့တဲ့ အနေအထား ဖြစ်နေ တယ်” ဟု လက်ရှိ အခြေအနေကို ပြောပြသည်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်း၊ မုတ္တမပင်လယ်ကွေ့တို့တွင် မိုးတိမ်တောင်များ စက်ဝိုင်းသဖွယ် ဖြစ်ပေါ်နေသဖြင့် လာမည့် ၃ ရက်အတွင်း ချင်းတောင်တန်းများတွင် မိုးထပ်မံ သည်းထန်စွာ ရွာသွန်းကာ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ကရင်ပြည်ရှိ သံလွင်မြစ်ဝအနီး၊ ရခိုင်ပြည်နယ်ရှိ ကုလားတန်နှင့် လေးမြို့မြစ်၊ ပဲခူးတိုင်းရှိ စစ်တောင်းမြစ်တို့ တွင်လည်း မြစ်ရေများ စိုးရိမ်ဖွယ် မြင့်တက်နေသည့်အတွက် အနီးဝန်းကျင်မှ ပြည်သူများအနေဖြင့် ရေဘေး အန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားကြရန် ဒေသအသီးသီးရှိ တာဝန်ရှိသူများက သတိပေးနှိုးဆော်ထားသည်။
ဓာတ်ပုံံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး