စစ်တပ်က ကျောက်ဖြူစစ်မျက်နှာသို့ အင်အားရာချီ ဖြည့်တင်းနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။

တိုက်ပွဲများ ခေတ္တငြိမ်သက်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်မျက်နှာများသို့ စစ်တပ်က အင်အား ရာချီ ဖြည့်တင်းနေသောကြောင့် မကြာမီ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံ စစ်ရေးသတင်း ရင်းမြစ်များက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးအပတ်မှစ၍ ဩဂုတ် ၁၃ ရက်နေ့အထိ အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား ရင်ဆိုင်တိုက်ပွဲများ မရှိဘဲ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်မှုအချို့သာ ရှိနေပြီး၊ စစ်တပ်ဘက်က အင်အား ဆက်တိုက် ဖြည့်တင်းလျက်ရှိသည်။ 

ကျောက်ဖြူဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက တရုတ်မှ ဒရုန်းနည်းပညာအကူအဖွဲ့တွေ ဇူလိုင်လကတည်းက ရောက်တယ်၊ ကျောက်ဖြူမြို့နဲ့ ၁၂ မိုင်ခန့်အကွာနေရာ တွေမှာအခုရက်ပိုင်း စစ်တပ် အင် အားဖြည့်နေတာ ဟု ပြောသည်။

အဆိုပါ အင်အားဖြည့်တင်းမှုတွင် ကျောက်ဖြူမြို့အခြေစိုက် ခလရ (၅၄၂) နှင့် (၅၄၃) တပ်ရင်းများမှတစ်ဆင့် အမှတ် (၃၂) ရဲတပ်ရင်းအပြင် တရုတ်စီမံကိန်းများရှိရာ ဂုံးချွိန်ကျေးရွာအုပ်စု၊ မလကျွန်းကျေးရွာဘက်သို့ ဩဂုတ်လ ၂ ရက်မှ ၁၂ ရက်နေ့အထိ အင်အားများ ဆက်တိုက် တိုးမြှင့်ထားကြောင်း ဆိုသည်။

ကျောက်ဖြူဒေသခံကမင်းပြင်နဲ့ ဇင်ချောင်းဘက် တောင်မော်ဦးရေတပ်နားက အဝတောင်ရွာတွေကို အင်အား တွေ တိုးပြီးဖြည့်နေပါတယ်။ တိုက်ပွဲမကြာခင် ဖြစ်နိုင်တယ်။ မိုးတွင်းဆိုတော့ စစ်တပ်က အချိန်ယူနေတယ်။ အေအေက မူလနေရာတွေမှာ ရှိတယ်လို့ သိရတယ်ဟု ပြောသည်။

ထို့ပြင် မင်းပြင်နှင့် သိုင်းချောင်း ဝန်းကျင်တွင်လည်း အင်အား ၂၀၀ နီးပါးပါ စစ်ကြောင်းတစ်ကြောင်း တိုးမြှင့် ထားသကဲ့သို့ ဒရုန်း နည်းပညာအဖွဲ့များကိုပါ တိုးချဲ့ချထားသည်။ 

ကျောက်ဖြူလေဆိပ်ကိုလည်း လေတပ်စခန်းသဖွယ် ပြုလုပ်ကာ ဂျိုင်ရိုကော်ပတာ (Gyrocopter) များကို အချိန်မီ အသုံးပြုနိုင်ရန် စုဖွဲ့ထားကြောင်း ဒေသခံများက ဆိုသည်။

ဩဂုတ် ၁၁ ရက်နေ့ကလည်း တရုတ် ဒရုန်းနည်းပညာ အကူအဖွဲ့များ ကျောက်ဖြူလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ကျောက်ဖြူမြို့နှင့် ၁၂ မိုင်ခန့်အကွာသို့ ထုတ်နုတ်အင်အား အချို့ တိုးမြှင့် ဖြည့်တင်းခဲ့သည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းအနီး၌ နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်တပ်က စစ်သုံးကား ၄ စီးခန့်ဖြင့် စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက် စစ်ရေးတင်းမာမှု မြင့်တက် လျက်ရှိသည်။ မင်းပြင်နှင့် ဇင်ချောင်းဘက်တွင်လည်း စစ်မှုထမ်းသစ်များ ပါဝင်သည့် အင်အားများကို ထပ်မံ ဖြည့်တင်းထားသည်။

ရာသီဥတု အခြေအနေအရ နှစ်ဖက်တပ်များ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်တန့်ကာ စစ်ဆိုင်ထားသည့် အနေအထားတွင် ရှိနေသော်လည်း စစ်တပ်ဘက်မှ ကုန်းလမ်း၊ စစ်သင်္ဘောများ အသုံးပြု၍ ဓညဝတီ ရေတပ် ဌာနချုပ်နှင့် တောင်မော်ကြီး ရေတပ်စခန်းတို့တွင် အင်အား ဖြည့်တင်းလျက်ရှိသည်။ 

အဆိုပါ စစ်အင်အားများကို ဧရာဝတီတိုင်းမှ စစ်သင်္ဘောများဖြင့် အဓိက ပို့ဆောင်နေခြင်းဖြစ်ပြီး တစ်ခါတစ်ရံ ကျောက်ဖြူလေဆိပ်မှ တစ်ဆင့် Y-12 လေယာဉ်များဖြင့်လည်း ပို့ဆောင်လျက်ရှိသည်။