ဥရောပရှိ ဒေးနုဘ် (Danube) မြစ်ရေကျပြီး သမိုင်းဝင် စစ်ကျန် ပစ္စည်းများ ထွက်ပေါ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။ 

အယ်နီညို ရာသီဥတုကြောင့် ဥရောပတိုက်တွင် အပူလှိုင်းဒဏ်နှင့် မိုးခေါင်ရေရှားမှုများကြောင့် မြစ်ရေများ ကျဆင်းသွားခဲ့ပြီး နှစ်ပေါင်းများစွာ မြစ်အောက်တွင် နစ်မြုပ်နေသောရှေးဟောင်း ပစ္စည်းများ ထွက်ပေါ်လာခဲ့သည်။ 

ဆားဗီးယားနိုင်ငံ အရှေ့ပိုင်းတွင် ‌ဒေးနုဘ် (Danube) မြစ်ရေသည် စံချိန်တင် ကျဆင်းသွားခဲ့ရာ မြစ်ဝှမ်းအောက်တွင် ရာစုနှစ်တစ်ခုနီးပါး မြှုပ်နှံထားခဲ့သည့် ဒုတိယကမ္ဘာစစ်လက်ကျန် နာဇီစစ်သင်္ဘောပျက်အနည်းဆုံး အစီး ၂၀ ၏ ကိုယ်ထည်များနှင့် ရွက်တိုင်ကျိုးများ ရေမျက်နှာပြင်ပေါ်သို့ ပြန်လည်ပေါ်ထွက်လာခဲ့ပါသည်။

ဤဖြစ်စဉ်၏ သမိုင်းကြောင်းမှာ လွန်ခဲ့သော မနှစ်ပေါင်း ၈၀ ကျော် (၁၉၄၄ ခုနှစ်) က စတင်ခဲ့သည်။ 

ထိုစဉ်က ဆိုဗီယက် တပ်မတော်၏ ထိုးစစ်ကြောင့် အရှေ့ဘက်စစ်မျက်နှာတွင် နာဇီဂျာမနီတပ်များ ဆုတ်ခွာခဲ့ရပြီး ပင်လယ်နက်အခြေစိုက် နာဇီစစ်သင်္ဘော အစင်း ၂၀၀ ခန့်သည် ဒေးနုဘ်မြစ်အတွင်း ပိတ်မိသွားခဲ့သည်။

၁၉၄၄ ခုနှစ် စက်တင်ဘာလတွင် ဂျာမနီ စစ်သင်္ဘောအုပ်စုမှ ဒုတိယဗိုလ်ချုပ်ကြီး ပေါလ်-ဝီလီ ဇီးဘ် (Paul-Willy Zieb) က ဆိုဗီယက်တပ်များ၏ သိမ်းပိုက်မှုကို တားဆီးရန်နှင့် မြစ်ကြောင်းပိတ်ဆို့ရန်အတွက် မိမိတို့၏ စစ်သင်္ဘော အစင်း ၂၀၀ ကျော်ကို မြစ်အတွင်း သဘာဝအတိုင်း နစ်မြုပ်စေရန် အမိန့်ပေးခဲ့သည်။

ထိုစစ်သင်္ဘောများထဲတွင် မပေါက်ကွဲသေးသည့် ယမ်းဘီလူးများနှင့် လက်နက်ခဲယမ်းများစွာ ပါဝင်နေဆဲဖြစ်သဖြင့် ရေကြောင်းသွားလာရေးအတွက် ဘေးအန္တရာယ်ကြီးမားစွာ ရှိနေဆဲ ဖြစ်သည်။ 

ဆာဘီးယားအစိုးရက ထိုသင်္ဘောများကို ဆယ်ယူရှင်းလင်းရန် ယူရို သန်း ၃၀ ခန့် အသုံးစရိတ် လျာထားသော်လည်း အန္တရာယ်များလှသည့်အတွက် လုပ်ငန်းစဉ်မှာ အလွန်နှေးကွေးလျက်ရှိသည်။

ယခုနှစ် နွေရာသီ မိုးခေါင်မှုကြောင့် နာဇီစစ်သင်္ဘောများအပြင် အခြားသော သမိုင်းဝင် ရှေးဟောင်းပစ္စည်းများလည်း ဒေးနုဘ် မြစ်ကြောင်းတစ်လျှောက် ပေါ်ထွက်လာခဲ့သည်-

ဟန်ဂေရီ နိုင်ငံ (ဘူဒါပက်စ်)တွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဂျာမနီစစ်တပ်သုံး မော်တော်ဆိုင်ကယ် တစ်စီး၊ ဆလိုဗေးကီးယား နိုင်ငံတွင် ပေါင် ၁,၅၄၃ အလေးချိန်ရှိ မပေါက်ကွဲသေးသည့် ဗြိတိသျှစစ်တပ်၏ လေကြောင်းဗုံးတစ်လုံး၊ ဘူဂေးရီးယားနိုင်ငံတွင် ရှေးဟောင်း ရောမဧကရာဇ် ကွန်စတန်တိုင်း တည်ဆောက်ခဲ့သည့် တံတားဟောင်းအကြွင်းအကျန်များနှင့် နှစ်ပေါင်းထောင်ပေါင်းများစွာ သက်တမ်းရှိ မေးမောက် (Woolly Mammoth) ဆင်စွယ်နှင့် အရိုးများ ဖြစ်သည်။ 

ဥရောပ၏ ဒုတိယအရှည်ဆုံးဖြစ်သော ကီလိုမီတာ ၂,၈၅၀ မြစ်ကြောင်းတစ်လျှောက် ရေကြောင်းခရီးသွား သင်္ဘောများအတွက် ရေနိမ့်ဆင်းမှုသည် အပျော်စီးခရီးစဉ်များ ဖျက်သိမ်းခြင်းနှင့် ခရီးစဉ်ပြောင်းလဲရခြင်းများ ဖြစ်စေခဲ့သည်။

တစ်ဖက်တွင်လည်း ခရီးသွားများအတွက် သဘာဝအလှတရားနောက်ကွယ်မှ ဥရောပ၏ စစ်ပွဲနှင့် သမိုင်းများကို တိုက်ရိုက်မြင်တွေ့ခွင့် ရရှိစေခဲ့သည်။