ရွှေကူ လေကြောင်းတိုက်ခိုက်မှုတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါ အရပ်သားများ ဒဏ်ရာရ

သတင်းနှင့်မီဒီယာ ကွန်ရက် (NMG)
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်

ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းတွင် ရွှေကူမြို့၏ တစ်ဖက်ကမ်းရှိ ကျောက်တလုံး၊ ဆင်တပ်နှင့် ရေလဲကျေးရွာများဘက်သို့ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ညနေ ၄ နာရီခွဲဝန်းကျင်တွင်လည်း ရွှေကူမြို့၊ မော်လမြိုင် (၂) ရပ်ကွက် ကမ်းနားဘက်ရှိ လူနေအိမ်တန်းများနှင့် စက်လှေဆိပ်ကို ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ကို သိရှိသူ ရွှေကူမြို့ခံတစ်ဦးက “မနက်ပိုင်းမှာက ကျောက်တလုံး၊ ဆင်တပ်၊ ရေလဲ အဲ့ဘက်ကိုပစ်တာ ဂျက်ဖိုက်တာ ၅ စီးပေါ့လေ။ ညနေပိုင်းမှာတော့ ၃ စီးနဲ့ လာပစ်တာ။ ကျေးရွာတွေအကုန်လုံးကို လိုက်ပတ်ပစ်နေတာ” ဟု ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မော်လမြိုင် (၂) ရပ်ကွက်အတွင်းရှိ လူနေအိမ်များနှင့် မော်တော်ဘုတ်တစ်စီး ထိမှန်ပျက်စီးခဲ့သည့်အပြင် အခြေအနေ စိုးရိမ်ရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ ကလေးတစ်ဦးနှင့် အမျိုးသားများ အပါအဝင် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်း ကျေးရွာများဘက် လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ထိခိုက်သေဆုံးသူ ရှိ၊ မရှိကိုမူ သီးခြား အတည်မပြုနိုင်သေးပေ။

ထို့အပြင် ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၁၈ ရက်နေ့ကလည်း မြို့ကုန်းကျေးရွာရှိ ဒေသခံများနှင့် ဗန်းမော်ဘက်မှ စစ်ရှောင်ပြည်သူများ ဆေးကုသမှု ခံယူနေသည့် ဆေးရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံနှင့် ဆေးပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရသေးသည်။

လက်ရှိတွင် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး၊ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးရသည့် အရပ်သား ဦးရေ ၂၀ ခန့်အထိ ရှိလာနေပြီဖြစ်သည်။

(ဓာတ်ပုံ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး)