ဂီနီတွင် အမှိုက်ပုံကြီး ပြိုကျပြီး လူ ၃၀ သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။ 

အနောက်အာဖရိက ဒေသ ဂီနီနိုင်ငံ၏ မြို့တော် ခိုနကာရီ (Conakry) ရှိ အမှိုက်တောင်ကြီးသည် မိုးသည်းထန်စွာ ရွာသွန်းအပြီး မနက်စောစော ၂ နာရီဝန်းကျင်တွင် အနီးအနားရှိ နေအိမ်များပေါ်သို့ ပြိုကျခဲ့ရာ အများအပြား သေဆုံးခဲ့သည်။ 

အဆိုပါ မတော်တဆမှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၆ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသဖြင့် သေဆုံးသူ အရေအတွက် ထပ်မံ မြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။

လက်ရှိတွင် စစ်သားများ အပါအဝင် ကယ်ဆယ်ရေး အဖွဲ့ဝင်များ ရောက်ရှိနေပြီး မြေကူးစက်များ အသုံးပြု၍ ပိတ်မိနေသူများကို အလျင်အမြန် ရှာဖွေလျက်ရှိသည်။ 

ဂီနီ ဝန်ကြီးချုပ် မာမက်ဒူ အူရီ ဘား (Mamadou Oury Bah) ကလည်း အခင်းဖြစ်ပွားရာ ဒေသသို့ ကိုယ်တိုင် သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။