စစ်အုပ်စု၏ ပတ်စ်ပို့ မူဝါဒသစ်ကြောင့် ပြည်ပရောက် လူငယ်နှင့် CDM များ အခက်အခဲကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်

လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သူများနှင့် စစ်မှုထမ်း အကြုံးဝင်သည့် လူငယ်များ၏ သွားလာလှုပ်ရှားမှုနှင့် သတင်းအချက်အလက်များကို ထိန်းချုပ်ရန် စစ်အုပ်စုက နိုင်ငံကူးလက်မှတ် မူဝါဒကို ပြောင်းလဲကျင့်သုံးလာကြောင်း တက်ကြွလှုပ်ရှားသူများ နှင့် လူ့အခွင့်အရေး ဆောင်ရွက်သူများက ထောက်ပြလိုက်ကြသည်။

စစ်အုပ်စုသည် နိုင်ငံကူးလက်မှတ် စာအုပ်သက်တမ်းတိုးခြင်းနှင့် စာအုပ်အမျိုးအစား ပြောင်းလဲလျှောက်ထား ခြင်းများအတွက် နေပြည်တော်၏ ခွင့်ပြုချက်နှင့် ထောက်ခံချက်ကို အရင်တောင်းခံရမည်ဟူသော မူဝါဒသစ်ကို ရုတ်တရက် ပြောင်းလဲကျင့်သုံးလာခြင်း ဖြစ်သည်။

ပြည်သူတွေရဲ့ လွတ် လပ်စွာ သွားလာခွင့်ကို ထိန်းချုပ်ဖို့ ဘယ်သူဘယ်နေရာကို သွားနေတာလဲဆိုတာကို ပိုမိုစိစစ်ဖို့နဲ့ လူတစ်ချင်း စီအပေါ် အုပ်ချုပ်ရေး ဖိအားတွေတိုးဖို့ ရည်ရွယ်ချက်တွေပါဝင်တယ်လို့မြင်ပါတယ်။  ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ၏ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။  “ပတ်စပို့ ငြင်းပယ်ခံရတဲ့ အခြေအနေတွေ Personal Data ဖော်ထုတ်ခံရခြင်းနဲ့ ဒီလုံခြုံရေး အန္တရာယ် ဖြစ်လာ နိုင်ခြေတွေ အများကြီး ရှိတာကို တွေ့ရပါတယ် ဟု ဆက်ပြောသည်။

ယခင်က သံရုံးများတွင် တိုက်ရိုက် သက်တမ်းတိုးခွင့် ရရှိခဲ့သော်လည်း ယခုအခါ အလည်အပတ် နိုင်ငံကူးလက် မှတ် (PV) ကိုင်ဆောင်ထားသူများသည် စာအုပ်အသစ် လဲလှယ်လိုလျှင်ဖြစ်စေ၊ အလုပ်လုပ်ခွင့် (PJ) သို့မဟုတ် ကျောင်းသား နိုင်ငံကူးလက်မှတ် (PE) အပါအဝင် အခြား ပတ်စပို့အမျိုးအစားများသို့ ပြောင်းလဲလိုလျှင်ဖြစ်စေ နေပြည်တော်ရှိ စစ်အုပ်စုထံ လျှောက်လွှာစာ အရင် တင်ပြရမည်ဖြစ်သည်။

အဆိုပါ လျှောက်လွှာကို စစ်အုပ်စုဘက်က စိစစ်ပြီး ခွင့်ပြုမိန့် ပြန်လည်ကျလာမှသာ သံရုံးများတွင် ဆက်လက် ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သည်။

ယခု ပြောင်းလဲလိုက်သည့် မူဝါဒသည် စစ်အာဏာသိမ်းပြီးနောက် ပြည်ပသို့ PV စာအုပ်ဖြင့် ထွက်ခွာလာသည့် CDM သမားများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများအတွက် စိန်ခေါ်မှုများစွာ ဖြစ်လာစေ သည်။

နိုင်အဲမွန်က “အထူးသဖြင့် ကျနော်တို့ ဒီ စစ်မှုထမ်းအရွယ်လူငယ်တွေ CDM တွေ နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေနောက် Former Political Prisoner တွေ ဒီ Human Right Defender တွေအတွက် ပတ်စပို့သက် တမ်းတိုးခြင်း အမျိုးအ စားပြောင်းခြင်းအတွက်က ပုံမှန် ကျနော်တို့ Administrative Process မဟုတ်တော့ ဘဲနဲ့ ပိုမိုစစ် ဆေးခံရ ပိုမိုစိစ်ခံရတဲ့ အနေအထားတွေ ခရီးသွားလာခွင့် ပိတ်ပင်ခံရတဲ့ အနေအထားတွေပေါ့နော် ဟု ပြောသည်။

အဆိုပါ လုပ်ဆောင်ချက်သည် ၎င်းတို့ကို တော်လှန်ဆန့်ကျင်နေသည့် ပြည်သူများကို ဖိနှိပ်လိုသည့် ရည်ရွယ် ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသမီးသမဂ္ဂ (PWU) နှင့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ နိုင်ငံ) – WLB ၏ စည်းရုံးရေးအဖွဲ့ဝင် နာင်းမို့မို့က သုံးသပ်သည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဆိုတာကလည်း သူတို့တွေက အမြဲ တမ်းစောင့်ကြည့်နေတယ်။ ဖမ်းဖို့တွေ ဖမ်းဝရမ်းတွေထဲမှာ ပါနေတဲ့သူတွေ အများစု ဖြစ်နေတဲ့အခါမှာ ဒါ ပြန်လုပ်ရမယ်တို့ အဲဒီမှာ ခွင့်ပြုချက် ယူရမယ်တို့ဆို ဘယ်တော့မှလည်း ခွင့်ပြုချက်လည်းရမှာ မဟုတ်သလို မျိုး ပြန်လို့ဆိုလည်း ဒါပိုပြီးတော့လည်း ဖမ်းဆီးချုပ်နှောင်တာမျိုးတွေ ဖြစ်တယ်ပေါ့နော်။ ဟု နာင်းမို့မို့က ပြောသည်။  

အဲတော့ ဒါက ဒီ လှုပ်ရှားတဲ့သူတွေရဲ့ နေရေးထိုင်ရေးတွေလည်း ပိုပြီးတော့ ကျပ်တည်းအောင်လည်း လုပ်သလိုမျိုး တစ်ဖက်မှာ လည်း ကျမတို့တွေရဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ တက်ကြွလှုပ်ရှားမှုတွေကို ဖိနှိပ်လိုတဲ့လုပ်ရပ် တစ်ခု လည်း ဖြစ်တယ်လို့လည်း မြင်ပါတယ်။ ဟု ဆက်ပြောသည်။

ပတ်စ်ပို့ ဝန်ဆောင်မှုပေးသူများ၏ အဆိုအရ PJ ကိုင်ဆောင်ထားသူများသည် PJ အတိုင်း၊ PE ကိုင်ဆောင်ထား သူများသည် PE အတိုင်း စာအုပ်အသစ် လဲလှယ်ခွင့် ရှိနေသေးသော်လည်း PV မှ အခြား ပတ်စပို့အမျိုးအစားသို့ ပြောင်းလဲခြင်းနှင့် သက်တမ်းတိုးခြင်းများကိုမူ တင်းကျပ်လိုက်ခြင်းဖြစ်သည်။

နိုင်အဲမွန်က ဒါဟာ နောက်ဆုံးမှာ Freedom of movement ပေါ့နော် Privacy နောက်တစ်ခါ Security of the person ပေါ့နော် နိုင်ငံပြင်ပထွက်ခွာခွင့်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ အထူး သဖြင့် ဒီ force conscription နဲ့ နိုင်ငံရေး ဖိနှိပ်မှု ဆက်ရှိနေတဲ့ အချိန်မှာ လူငယ်နဲ့ ဒီ Human Right Defender တွေအတွက် လုံခြုံရာ ရှာဖွေဖို့ အခွင့်အလမ်းကိုပါ ပိုမိုကန့်သတ်လာနိုင်တဲ့ အခြေအနေ ရှိနိုင်ပါ တယ်။ ချုပ်ပြောရမယ်ဆိုရင် ပတ်စပို့ကို Travel Document တစ်ခု အဖြစ်သာ မဟုတ်ပဲနဲ့ လူရဲ movement ကို စောင့်ကြည့် ထိန်းချုပ်တဲ့ Tool တစ်ခုအနေနဲ့ ပိုမို အသုံးချလာတဲ့ လမ်းကြောင်းလို့ ကျနော်ကတော့ မြင်မိ ပါတယ် ဟု ဆက်ပြောသည်။

စစ်အုပ်စုက ကြိုတင်အသိပေးခြင်း မရှိဘဲ မူဝါဒများကို ရုတ်တရက် ပြောင်းလဲလိုက်ခြင်းကြောင့် PV ပတ်စ်ပို့ ဖြင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာကာ ဗီဇာအမျိုးအစား ပြောင်းလဲ၍ တရားဝင် နေထိုင် အလုပ်လုပ်ကိုင်နေ ကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ၊ ကျောင်းသားများနှင့် စာရွက်စာတမ်း သက်တမ်းကုန်ခါနီးသူများ အကြား ရှေ့ဆက် နေထိုင်ရေးအတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ဓာတ်ပုံ – Crd