ကရင်နီတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကလေးငယ်များအပါအဝင် ၁၁ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

ကရင်နီပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို စစ်တပ်က လေကြောင်းနှင့် ဒရုန်းများအသုံးပြုကာ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် စက်တင်ဘာလ ဆန်းပိုင်းအတွင်း ကလေးငယ်များအပါအဝင် ဒေသခံ ၁၁ ဦး ထက်မနည်း သေဆုံးပြီး ၃၅ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့သည်။

စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက် ခြမ်းရှိ လူထုနေထိုင်ရာ နေရာများကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၁ နှစ်၊ ၁၃ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ရပြီး ကလေး ၃ ဦးအပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ မြေပြင်၌ အကူအညီပေးနေသူ ဒေသခံတစ်ဦးက “တိုက်ပွဲ ဖြစ် တာလည်း မဟုတ်ဘူး။ ရွာထဲကို လေယာဉ်နဲ့ တန်းဗုံးကြဲသွားတာ။ ကလေးတွေနဲ့ အမျိုးသမီးတွေပဲ ဗုံးစထိပြီး သေကုန်ကြရတာ။ ခုဆို ရွာမှာ ဘယ်သူမှ မနေရဲကြတော့ဘဲ ဘေးလွတ်ရာ တောထဲတွေဘက် ပြေးနေကြ ရတယ်” ဟု ပြောသည်။

ထို့ပြင် စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင်လည်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ဘေး ရှောင်စခန်းများနှင့် ကျေးရွာများကို စစ်အုပ်စုတပ်က လေယာဉ်ဖြင့် ၃ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့သလို ဒရုန်းများ ဖြင့်ပါ လာရောက်တိုက်ခိုက်ခဲ့သဖြင့် ဖုန်းဆိုင်တစ်ဆိုင်နှင့် လူနေအိမ်၊ ဘုန်းကြီးကျောင်းများ ထိမှန်ပျက်စီးခဲ့ရ သည်။

စက်တင်ဘာ ၁ ရက်နေ့ကလည်း မော်ချီးဒေသ၌ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ၆ ဦး သေဆုံးခဲ့ရသလို၊ စက်တင်ဘာ ၄ ရက်နေ့ လွိုင်ကော်အရှေ့ခြမ်း ဗုံးကြဲခံရမှုတွင် စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းနှင့် လူနေအိမ် အများအပြား ပျက်စီးခဲ့ရသည်။

လွိုင်ကော်အရှေ့ခြမ်းမှ ဒေသခံတစ်ဦးက စစ်အုပ်စုက စစ်ရေးနဲ့မဆိုင်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း နားတွေကိုပဲ ပစ်မှတ်ထားနေတာ။ ဖရူဆိုဘက်မှာဆိုရင်လည်း လက်နက်ကြီးတွေနဲ့ ဒရုန်းတွေ ခဏခဏကြဲနေ တော့ တောင်သူတွေ တောင်ယာတောင် မသွားရဲကြဘူး။ လေကြောင်းသတိပေးချက် ထုတ်တာတွေကိုပဲ အမြဲနားစွင့်နေရတယ် ဟု ပြောသည်။

လွိုင်ကော်မြို့နယ်အတွင်း စက်တင်ဘာလအစောပိုင်းမှစ၍ စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သော်လည်း စစ်ရေးအခြေအနေ သတင်းအလက်များအား သက်ဆိုင်ရာ တော်လှန် ရေးတပ်ဖွဲ့များဘက်က တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

ထိုသို့ စစ်အုပ်စုတပ်က စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ ရာနှင့်ချီ ခိုလှုံနေသည့် စစ်ဘေး ရှောင်စခန်းများနှင့် ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် လေကြောင်းအန္တရာယ် သတိပေး ချက်များကို အစဉ်မပြတ် ဂရုစိုက်ကြရန် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များက သတိပေးနှိုးဆော်ထားသည်။