စစ်ကိုင်းတိုင်း အင်းတော်အနီး ဂိတ်သစ်ဖွင့်၍ လမ်းကြေးကောက်ခံသဖြင့် ယာဉ်မောင်းများ အခက်ကြုံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်

မြစ်ကြီးနား-မန္တလေး လမ်းပိုင်း၊ ကွင်းလမ်းတစ်နေရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် KPDF ပူးပေါင်းအဖွဲ့တို့က ဂိတ်အသစ်ဖွင့်လှစ်ပြီး လမ်းကြေး ကောက်ခံနေသဖြင့် ဂိတ်ကြေး အများအပြား ပေးဆောင် နေရကြောင်း ဒေသတွင်း ယာဉ်မောင်းအချို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာအနီးရှိ ကျောက်တန်း ကွင်းလမ်းပိုင်းမှ ဖြတ်သန်းသွားလာနေ သည့် ယာဉ်များကို စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ ဂိတ်ကြေး စတင်ကောက်ခံနေခြင်း ဖြစ်သည်။

ဒေသတွင်း ယာဉ်မောင်းတစ်ဦးက ကားတိုင်း ပေးရတယ်။ ကိုယ်ပိုင်ကားလည်း မရဘူးဗျာ။ တောင်းတာတော့ ကုန်ပေါ်မူတည်တယ်။ တစ်ခါနဲ့ တစ်ခါ မတူဘူးပေါ့နော်။ အိမ်စီးကားကတော့ တိတိကျကျ သတ်မှတ်ထား တယ်။ ကျန်တာက အခြေအနေအရပဲ။ ကွင်းလမ်းက ခက်ခက်ခဲခဲ သွားနေရတဲ့ ကားသမားတွေ သူတို့မို့ တောင်း ရက်တာ ဟု ပြောသည်။

ဂိတ်ကြေး ကောက်ခံရာတွင် ကုန်ကားနှင့် တွဲကားများအနေဖြင့် ကုန်ပစ္စည်း မပါပါက ငွေကျပ် ၂ သိန်း၊ ကုန်ပါ ပါက ပစ္စည်းအမျိုးအစားပေါ် မူတည်၍ အများဆုံး ငွေကျပ် ၇ သိန်းအထိ ပေးဆောင်ရပြီး ခရီးသည်တင်ကား ငွေကျပ် ၁ သိန်းနှင့် အိမ်စီးကား ငွေကျပ် ၁ သောင်းနှုန်းဖြင့် အသီးသီး ကောက်ခံနေကြသည်ဟု ဆိုသည်။

မြစ်ကြီးနား-မန္တလေး လမ်းပိုင်းမှာ ရာနှုန်းပြည့် သွားလာခွင့် မရသေးသဖြင့် ယာဉ်များမှာ ကွင်းလမ်းမှ ခက်ခက် ခဲခဲ ဖြတ်သန်းကာ ဇက်ဆိပ်မှတစ်ဆင့် ကမ်းကူးနေရချိန် ယခုကဲ့သို့ ဂိတ်အသစ် တိုးလာသဖြင့် ကုန်ကျစရိတ်များ ပိုမိုများပြားလာသည်။

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ် အများအပြား ရှိနေပြီး အိမ်စီးကားများအနေဖြင့် ငွေကျပ် သိန်းဆယ်ချီ၊ ကုန်ကားများအနေဖြင့် ငွေကျပ် သိန်းရာ ချီအထိ ပေးဆောင်နေရကြောင်းလည်း ဆိုကြသည်။

အဆိုပါ လမ်းပိုင်းတွင် သွားလာခဲ့ဖူးသူ ခရီးသည်တစ်ဦးက ကုန်ကားတွေဆို ကူးလို့မရဘူး။ ကြာပြီ။ လချီပြီ လမ်းမှာ အိပ်နေရတာ။ လမ်းပေါ်မှာ ဝယ်စား၊ ဝယ်သောက်ကြတာလည်း မနည်းဘူး။ ကုန်တယ်။ ဈေးကြီး တယ်လေ။ ဖြတ်မရတဲ့ကြားထဲ လမ်းကြေးပါ ပေးနေရတာ ဟု ပြောသည်။

မန္တလေး-မြစ်ကြီးနား လမ်းပိုင်း နေရာအများစုကို စစ်အုပ်စုက ထိန်းချုပ်ထားသော်လည်း အချို့နေရာများတွင် နှစ်ဖက်တပ်များ နေရာယူထားသဖြင့် မြေပြင်အခြေအနေ တင်းမာနေဆဲဖြစ်သည်။

ထို့ကြောင့် ယာဉ်များမှာ ကွင်းလမ်းများမှ သွားလာနေရပြီး ကမ်းမကူးနိုင်သေးသည့် ကုန်တင်ယာဉ်များမှာ လမ်း တွင် ပိတ်မိနေသည်မှာ ၅ ပတ်ထက်မနည်း ကြာမြင့်နေပြီဖြစ်သည်။

ယာဉ်မောင်းများအနေဖြင့် လမ်းကြေး ပေးဆောင်ရသည့် အခက်အခဲများအပြင် မိုးရာသီ လမ်းပျက်စီးမှုကြောင့် အချို့လမ်းပိုင်းများ၌ ဆင်များဖြင့် ကားများကို ဆွဲယူနေရသဖြင့် သေရေးရှင်ရေး ကိစ္စမှလွဲ၍ ခရီးသွားလာခြင်း မပြုကြရန် သတိပေးထားသည်။

ဓာတ်ပုံ – (မန္တလေး-မြစ်ကြီးနား လမ်းပိုင်း တစ်နေရာ၌ တွေ့ရသည့် မော်တော်ယာဉ်များ / Crd)