ဇနီးဖြစ်သူအား ဆေးခတ်၍ နှစ် ၂၀ ကြာ ပြုကျင့်ခဲ့သူ ဗြိတိန်အမျိုးသား အပြစ်ရှိကြောင်း ဝန်ခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
ဗြိတိန်နိုင်ငံတွင် အသက် ၆၀ အရွယ် ခင်ပွန်းဖြစ်သူသည် ဇနီးဖြစ်သူအား နှစ် ၂၀ ကျော်ကြာ ဆေးခတ်၍ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အပါအဝင် စွပ်စွဲချက်ပေါင်း ၆၀ စလုံးအတွက် အပြစ်ရှိကြောင်း တရားရုံး၌ အပြည့်အဝ ဝန်ခံလိုက်သည်။
မန်ချက်စတာမြို့ တရားရုံး ကြားနာပွဲ၌ စတော့ပို့တ် (Stockport) ဒေသမှ အဆိုပါ အမျိုးသားသည် ၂၀၀၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ နေအိမ်၌ ဇနီးဖြစ်သူအား သတိလစ် မေ့မောစေရန် ဆေးခတ်ကာ မုဒိမ်းကျင့်မှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။
နစ်နာသူ၏ အထောက်အထား မပေါ်လွင်စေရန် ဗြိတိန်ဥပဒေအရ တရားခံ၏ အမည်ကို ထုတ်ဖော်ဖော်ပြခြင်း မရှိပေ။
တရားခွင်၌ ဇနီးဖြစ်သူ တက်ရောက်နေချိန်တွင် ခင်ပွန်းဖြစ်သူက မျက်ရည်ကျလျက် ပြစ်မှုများကို ဝန်ခံခဲ့သည်။
အဆိုပါ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံထားရသူ အခြား အမျိုးသား ၁၂ ဦးကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
ဂရိတ်တာ မန်ချက်စတာ ရဲတပ်ဖွဲ့က နစ်နာသူအား အထူးကူညီစောင့်ရှောက်ပေးလျက်ရှိပြီး ဆေးခတ်၍ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မသင်္ကာဖွယ်ရာများရှိပါက တိကျသည့် သက်သေ သို့မဟုတ် မှတ်ဉာဏ်အတိအကျ မရှိသေးလျှင်ပင် ရဲတပ်ဖွဲ့ထံ အကြောက်အရွံ့မရှိ သတင်းပို့ တိုင်ကြားကြရန် တိုက်တွန်းထားသည်။
Photo:Reuters