စစ်တပ်ဗုံးကြဲ၍ မိဘမဲ့ကျောင်းရှိ ကလေး ၁ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ကျောင်းကို စစ်အုပ်စုတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ ဘဲ အသေခံဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ကစားနေသည့် အသက် ၉ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
စက်တင်ဘာလ ၁၆ ရက်နေ့၊ ညနေပိုင်းတွင် စစ်အုပ်စုတပ်က ကင်းထောက်ဒရုန်းများ ဝဲပျံပြီးနောက် မိဘမဲ့ ကျောင်းအနီးသို့ အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပထမတစ်စီး ထိုးဆင်းချိန်တွင် လူထိခိုက်မှု မရှိခဲ့သော်လည်း ဒုတိယတစ်စီး ထိုးဆင်းချိန်၌ ဆော့ကစားနေသည့် ကလေးငယ်များကို တိုက်ရိုက် ထိမှန်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ဒရုန်းတစ်စီး လာပြီးပြီဆိုတော့ ဆက်မလာလောက်တော့ဘူးအထင်နဲ့ အားလုံး ပေါ့ဆသွားချိန်မှာ ဒုတိယ တစ်စီးက ထပ်ထိုးဆင်းလာတာပါ။ ကစားနေတဲ့ ကလေး ဦးခေါင်းကို ဒရုန်းစ ထိမှန်ပြီး ပွဲချင်းပြီး ဆုံးသွားရ တာပါ” ဟု နီးစပ်သည့် စစ်ဘေးရှောင် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒဏ်ရာရရှိသူ ၃ ဦး အနက် ၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ ဒါ့အပြင် အနီးအနားရှိ လူနေအိမ်အချို့နှင့် မော်တော် ယာဉ် ၂ စီးပါ ထိခိုက်ပျက်စီးခဲ့ရသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ဘေးရှောင်နေရတာ ကြာလာတော့ စိတ်ထွက်ပေါက်အဖြစ် ကစားကြ၊ ပွဲလေးတွေ လုပ်ကြတာကို နားလည်ပေမဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေ ခဏခဏ ကျနေတဲ့အချိန်မှာတော့ လူစု လူဝေးပွဲတွေကို အထူးသတိထား ဆင်ခြင်ကြဖို့ လိုပါတယ်” ဟု ပြောသည်။
မိုးဗြဲဘက်မှ ဒီးမော့ဆိုသို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ပွဲမရှိသည့် အရပ်သားနေရာများ၊ မိဘမဲ့ကျောင်းများနှင့် စာသင်ကျောင်းများကို လေကြောင်းနှင့် ဒရုန်းများ သုံး၍ ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်။
စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့် ဒီးမော့ဆို၊ လွိုင်ကော်နှင့် မော်ချီးဒေသတို့တွင် အရပ်သား ၂၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ရပြီး၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ စာသင်ကျောင်းအများစုကိုလည်း ယာယီ ပိတ်ထားရသည်။
ဓါတ်ပုံ – CJ