ရေဦး၌ စစ်တပ်ဖမ်းထားသည့် လူငယ်များ အချုပ်ခန်းဖောက်ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးချုပ်နှောင်ထားသည့် အသက် ၂၀ မှ ၃၀ အကြားရှိ လူငယ် ၂၀ နီးပါးသည် အချုပ်ခန်းကို ဖောက်၍ ထွက်ပြေးလွတ်မြောက်လာခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသခံများ က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အတွင်း အချုပ်ခန်းအဖြစ် အသုံးပြုထားသည့် စာသင်ဆောင်မှ အချုပ်စောင့် များ မူးယစ်နေချိန်တွင် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါကျောင်း၌ စုစုပေါင်း လူငယ် ၂၆ ဦး ချုပ်နှောင်ခံထားရပြီး ကျန်းမာရေးမကောင်းသူ ၆ ဦးမှလွဲ၍ ကျန်လူ ငယ် ၂၀ ခန့်မှာ ထွက်ပြေးခဲ့ကြခြင်းဖြစ်ကာ ၎င်းတို့အနက် ၁၂ ဦးကို ရေဦးမြို့နယ် ပကဖက လွတ်မြောက်နယ်မြေ တစ်ခု၌ ဘေးကင်းစွာ လက်ခံစောင့်ရှောက်ထားနိုင်ခဲ့သည်။

ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောရမယ်ဆိုရင်တော့ (စခ) စစ်အုပ်စု တပ်သားနဲ့ ရဲ၊ ပျူစောထီး အချုပ်စောင့်တွေ အရက်မူးနေကြတုန်း ဖောက်ထွက်လာကြတာပါ။ သွပ်ပြားတွေနဲ့ ကာထားတဲ့ ဝင်းထရံကို ကျော်ပြီး ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။ အခု ကျနော်တို့ကတော့ လွတ်လာတဲ့ လူငယ်တွေကို စားသောက်နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးထားပါတယ် ဟု ပြောသည်။

ကျန်ရှိသည့် ထွက်ပြေးလွတ်မြောက်လာသူ အချို့မှာမူ စစ်အုပ်စုတပ်၏ လိုက်လံပစ်ခတ်မှုများကြောင့် လမ်းခု လတ်တွင် အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်သည်။

လွတ်မြောက်လာသူများမှာ လွန်ခဲ့သည့် ၃ လ၊ ၄ လဝန်းကျင်က ရေဦးမြို့ပေါ်ရှိ လမ်းများ၊ စားသောက်ဆိုင်များ နှင့် နေအိမ်များအထိ စစ်အုပ်စုတပ်က ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့သည့် လူငယ်များ ဖြစ်ကြသည်။

ရေဦးမြို့ခံတစ်ဦးက “စာသင်ဆောင်တွေကို စစ်မှုထမ်းဖို့ ဖမ်းထားတဲ့သူတွေကို ချုပ်ထားတာ။ အရင်က အထက (၁) မှာ အခု အထက (၂) ကို ပြောင်းထားတာပါ။ ပြောရမယ်ဆိုရင်တော့ ကျောင်းကို အချုပ်ခန်းလုပ်ပြီး အဲ့ဒီမှာ ထည့်ထားတာလို့ ပြောလို့ရတယ်။ ဒီမှာကတော့ မြို့ပေါ်ဆိုရင်လည်း အိမ်တွေထဲအထိပါ ဝင်ဖမ်းနေတော့ လူငယ်တွေလည်း မြို့မှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာကို ရှောင်နေကြရတယ် ဟု ပြောသည်။

ရေဦးမြို့နယ်ရှိ ကျေးရွာ ၁၉၁ ရွာတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားပြီး စစ်အုပ်စုတပ်မှာ မြို့ပေါ်၌သာ ခြေကုပ်ယူထားနိုင်သဖြင့် ဖမ်းဆီးထားသည့် လူငယ်များကို တပ်သားသစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ရာတွင် မြေပြင်လမ်းကြောင်းမှ မပို့နိုင်ဘဲ ရဟတ်ယာဉ်ဖြင့်သာ ပို့ဆောင်နေရသည်။

ရေဦးမြို့၌ စစ်အုပ်စုတပ်က အဓမ္မ ဖမ်းဆီးထားသူများ ထွက်ပြေးလွတ်မြောက်မှုမှာ ယခုအကြိမ်သည် ဒုတိယ အကြိမ် ဖြစ်ပြီး၊ လွန်ခဲ့သည့် ဇွန်လအတွင်းကလည်း အမှတ် (၂) အထက်တန်းကျောင်း၌ပင် ဖမ်းဆီးခံထားရသည့် လူငယ် ၇ ဦးသည် အစောင့်များကို တုံ့ပြန်ရိုက်နှက်၍ ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသည်။

စစ်အုပ်စုတပ်သည် ယခု စက်တင်ဘာလအတွင်း စစ်မှုထမ်း အပတ်စဉ် (၂၈) ကို စတင်ဖွင့်လှစ်နေပြီ ဖြစ်သော် လည်း ရန်ကုန်နှင့် မန္တလေး မြို့ကြီးများအပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦးနှင့် ဝမ်းတွင်း အစရှိ သည့် ဒေသများတွင်ပါ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း၊ အဓမ္မ စစ်သားသစ် စုဆောင်းနေခြင်းနှင့် ပေါ်တာဆွဲ ဖမ်းဆီး ခြင်းများကို ဆက်တိုက် ပြုလုပ်နေဆဲ ဖြစ်သည်။

လက်ရှိ မြေပြင်အခြေအနေတွင် စစ်အုပ်စုတပ်၏ အဓမ္မ ပေါ်တာဆွဲမှုများသည် ပိုမိုရက်စက် ကြမ်းကြုတ်လာပြီး မြို့ပေါ်မှ လူငယ်များမှာ နေအိမ်များ၌ပင် လုံခြုံမှုမရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဓါတ်ပုံ – (စစ်မှုထမ်းတပ်သားသစ်များ / စစ်အုပ်စုတပ်)