ယူကရိန်းစစ်ပွဲနောက်ပိုင်း ပထမဆုံးရုရှား ပါလီမန် ရွေးကောက်ပွဲ စတင်ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။

ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှား ပါလီမန် အောက်လွှတ်တော် (စတိတ်ဒူးမား – State Duma) ရွေးကောက်ပွဲကို စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ သုံးရက်ကြာ စတင်ကျင်းပနေပြီ ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် သန်း ၁၁၁ ကျော်က အောက်လွှတ်တော် အာဏာပိုင် ၄၅၀ နေရာအတွက် မဲပေးရွေးချယ်ကြမည်ဖြစ်သည်။

သမ္မတ ဗလာဒီမီယာ ပူတင်အား ကျောထောက်နောက်ခံပြုထားသည့် အာဏာရ ယူနိုက်တက် ရုရှား (United Russia) ပါတီက အများစုနေရာကို ဆက်လက်လွှမ်းမိုးထားရန် ရေပန်းစားနေသည်။

စစ်ပွဲကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်သည့် အတိုက်အခံ ရာဘလိုကို (Yabloko) ပါတီအား ရုရှား တရားရုံးချုပ်က ပါတီလိုက် မဲပေးစနစ်မှ ပိတ်ပင်ထားသည်။  

ကရင်မလင် အစိုးရနှင့် သဘောထား တိုက်ဆိုင်သည့် ကွန်မြူနစ်ပါတီနှင့် နယူပီပယ် (New People) ပါတီတို့သာ အဓိက ယှဉ်ပြိုင်ခွင့် ရရှိထားသည်။

အာဏာရပါတီ အနိုင်ရရှိရန် ကြိုတင် ရေရေရာရာ ရှိနေသော်လည်း အဆိုပါ ရွေးကောက်ပွဲသည် ယူကရိန်းစစ်ပွဲအပေါ် ပြည်သူများ၏ သဘောထား၊ စီးပွားရေး ကျဆင်းမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုအပေါ် မကျေနပ်ချက်များကို တရားဝင် ထုတ်ဖော်ပြသနိုင်သည့် အခွင့်အရေး ဖြစ်သဖြင့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း သုတေသီများက သုံးသပ်ကြသည်။

အတိုက်အခံ ကွန်မြူနစ်ပါတီနှင့် နယူပီပယ်ပါတီတို့ မဲရရှိမှု အခြေအနေအပေါ် မူတည်၍ ပြည်သူများ၏ စီးပွားရေး ကြပ်တည်းမှုနှင့် စစ်ဆန့်ကျင်ရေး သဘောထား အတိုင်းအတာကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

တစ်ဖက်တွင်လည်း ကရင်မလင် အစိုးရအနေဖြင့် စစ်ပွဲ ဆက်လက်ဆင်နွှဲရေးအတွက် ပြည်သူ့ထောက်ခံမှု ရရှိထားကြောင်း တရားဝင်မှု တည်ဆောက်ရာတွင် အဆိုပါ ရွေးကောက်ပွဲ ရလဒ်ကို အဓိက အသုံးပြုသွားမည် ဖြစ်သည်။

Photo:SNA