ပဲခူး-ရခိုင် အစပ် ရိုးကျော်လမ်း တိုက်ပွဲ၌ တပ်ရင်းမှူး အပါအဝင် စစ်သား အများအပြား သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ရိုးကျော်လမ်း တိုက်ပွဲတွင် စစ်အုပ်စုတပ်ဘက်က တပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်တပ်ဘက်မှ အရာရှိနှင့် တပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သည်။
စက်တင်ဘာလ ပထမအပတ်မှစ၍ ၁၉ ရက်နေ့အထိ စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ရိုးကျော်လမ်းတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်အုပ်စုတပ်ဘက်မှ အရာရှိနှင့် တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) ၏ အဓိက ကာကင်းပွိုင့်တစ်ခု ဖြစ် သည့် ၆၆၆ ကုန်းနှင့် ညောင်ကျိုးစခန်းတို့ကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က စက်တင်ဘာလ ပထမ အပတ်မှစ၍ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းခွဲကာ ထိုးစစ်ဆင်ခဲ့သော်လည်း AA ရဲ့ တန်ပြန်ထိုးစစ်ကြောင့် အထိနာကာ တပ်ပြန်ဆုတ်ခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း ပန်းတောင်းအခြေစိုက် ခလရ (၉၂) မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြု လက်မှတ် ရရှိထားသူ၊ စစ်တက္ကသိုလ် အပတ်စဉ် (၅၂) ဆင်း ဗိုလ်မှူး ဝေကမ္ဘာစိုး သေဆုံးခဲ့သည့်အပြင် ၆၆၆ ကုန်းအနီးရှိ စစ်အုပ်စု၏ ယာယီထောက်ပို့စခန်းတစ်ခုကိုပါ အာရက္ခတပ်တော် (AA) က ထပ်မံ သိမ်းပိုက်ရရှိခဲ့ သည်။
ပဲခူးဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “၆၆၆ ကုန်းနဲ့ ညောင်ကျိုးစခန်းကို AA ဆီက ပြန်ယူဖို့ စက်တင်ဘာလ အစကတည်းက စစ်တပ်က အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းခွဲပြီး ထိုးတာ။ ပထမ တော့ စစ်ကြောင်းအားနဲ့ ထိုးနေတာ အခြေအနေကောင်းတယ်ဆိုပေမဲ့ ရက်တာရှည်လာတော့ AA ရဲ့ တန်ပြန် ထိုးစစ်မှာ ဗိုလ်မှူးဝေကမ္ဘာစိုး ကျသွားတယ်။ ညောင်ကျိုးရွာနား တိုက်ပွဲမှာ ကျသွားတာ။ အဲဒါကြောင့် စစ်တပ် က တပ်ဆုတ်လိုက်ရတော့ ၆၆၆ ကုန်းအနီး စစ်တပ် ထောက်ပို့စခန်းကိုပါ AA က ထပ်ရလိုက်တယ်” ဟု ပြော သည်။
ထို့ပြင် အဆိုပါ တိုက်ပွဲများတွင် စစ်အုပ်စုတပ်က စစ်ရေးအတွေ့အကြုံ မရှိသည့် စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ်သစ်များကို ရှေ့တန်းတင်ကာ တိုက်ခိုင်းခဲ့သည့်အတွက် အာရက္ခတပ်တော်၏ ကြိုတင်ပြင်ဆင်ထား သည့် တန်ပြန်တိုက်ခိုက်မှုများကြောင့် စစ်အုပ်စုတပ်ဘက်မှ အကျအဆုံး ပိုမိုများပြားခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် ညောင်ကျိုးဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်သည် လေလာတောင်နှင့် ညောင်ကျိုး ကျေးရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ဆင်လန် ကျေးရွာ အထိုင်စခန်းမှ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ကူပေးနေရသည်။
တိုက်ပွဲအတွင်း အထိနာသွားသည့် စစ်အုပ်စုတပ်သည် ကပစ (၁၆) ဘက်သို့ တပ်ဆုတ်သွားခဲ့ရပြီး လက်ရှိတွင် အင်အား ပြန်လည်ဖြည့်တင်းကာ တောင်ကုတ်-ပန်းတောင်း လမ်းပေါ်သို့ ထပ်မံတက်ရောက်ရန် ပြင်ဆင်လျက် ရှိကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။
တောင်ကုတ်-ပန်းတောင်း ရိုးကျော်လမ်းပေါ်ရှိ ညောင်ကျိုး ဗျူဟာစခန်းကုန်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်တွင် လည်းကောင်း၊ ၆၆၆ ပွိုင့်ကုန်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်တွင်လည်းကောင်း အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။
ဓါတ်ပုံ – (ပုံဟောင်း / AA)