တရုတ် ဗိုလ်ချုပ်ကြီး ၂ ဦးအား သစ္စာဖောက်မှု၊ လာဒ်စားမှုများဖြင့် စစ်တပ်နှင့် ပါတီမှ ထုတ်ပယ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။

တရုတ် ကွန်မြူနစ်ပါတီနှင့် စစ်တပ်၏ ထိပ်တန်းစစ်ဘက် ခေါင်းဆောင်နှစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ကျန်းယူရှာ (Zhang Youxia) နှင့် ဗိုလ်ချုပ်ကြီး လျူကျိန်းလီ (Liu Zhenli) တို့အား သစ္စာဖောက်မှု၊ အဂတိလိုက်စားမှုနှင့် ဂိုဏ်းဂဏဖွဲ့မှုများဖြင့် ကွန်မြူနစ်ပါတီနှင့် စစ်တပ်မှ ထုတ်ပယ်လိုက်ကြောင်း တရုတ်အစိုးရက စက်တင်ဘာ ၂၁ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ကျန်းယူရှာသည် တရုတ်စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် ဗဟိုစစ်ကော်မရှင် (CMC) ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး သမ္မတ ရှီကျင့်ဖင်၏ အနီးကပ်ဆုံး စစ်ဘက်မဟာမိတ်အဖြစ် ကာလရှည်ကြာ ရှုမြင်ခံခဲ့ရသူ ဖြစ်သည်။

ဗိုလ်ချုပ်ကြီး လျူကျိန်းလီမှာမူ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန၏ စစ်ဦးစီးချုပ် ဖြစ်သည်။

အဆိုပါ စစ်ဘက်ခေါင်းဆောင် နှစ်ဦးသည် ပါတီ၏ စည်းကမ်းနှင့် မူဝါဒများကို လျှစ်လျူရှုခြင်း၊ ပါတီအတွင်း ဂိုဏ်းဂဏဖွဲ့ခြင်း၊ ပါတီအပေါ် မရိုးမဖြောင့် ဆောင်ရွက်ခြင်းတို့ဖြင့် သစ္စာဖောက်ခဲ့ကြကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ထို့အပြင် ၎င်းတို့သည် ရာထူးအာဏာကို အလွဲသုံးစားပြု၍ ကြီးမားသော ပမာဏရှိသည့် ငွေကြေးနှင့် ပစ္စည်းဥစ္စာများကို မတရား ရယူခဲ့ကြကြောင်းလည်း ဖော်ပြထားသည်။

၂၀၁၂ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖိန် အာဏာရရှိလာပြီးနောက်ပိုင်း စစ်တပ်နှင့် အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ရာ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများစွာ ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။

ယခု ထုတ်ပယ်မှုများကြောင့် ယခင်က အဖွဲ့ဝင် ၇ ဦးရှိသည့် ဗဟိုစစ်ကော်မရှင် (CMC) တွင် သမ္မတ ရှီကျင့်ဖင် အပါအဝင် လက်ရှိတာဝန်ထမ်းဆောင်နေသူ ၂ ဦးသာ ကျန်ရှိတော့သည်။

နိုင်ငံရေး အကဲခတ်များနှင့် စီအိုင်အေ (CIA) အရာရှိဟောင်းများ၏ သုံးသပ်ချက်အရ တရုတ်စစ်တပ် အရာရှိကြီးများကို “သစ္စာဖောက်မှု” နှင့် “ဂိုဏ်းဂဏဖွဲ့မှု” တို့ဖြင့် စွပ်စွဲအရေးယူခြင်းမှာ မော်စီတုန်း ခေတ်ကာလနောက်ပိုင်း အထူးခြားဆုံး ဖြစ်ရပ်တစ်ခုဖြစ်ပြီး သမ္မတ ရှီ၏ အာဏာကို စိန်ခေါ်မှုများအား ပြတ်ပြတ်သားသား သတိပေးလိုက်ခြင်းဖြစ်ကြောင်း ထောက်ပြထားကြသည်။

ဗိုလ်ချုပ်ကြီး ကျန်းယူရှာနှင့် လျူကျိန်းလီတို့အား ထုတ်ပယ်ရေးကို သမ္မတ ရှီကျင့်ဖိန် သဘာပတိအဖြစ် ဆောင်ရွက်သည့် ပေါလစ်ဗျူရို အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ၎င်းတို့၏ ပြစ်မှုများကို စစ်ဘက်ဆိုင်ရာ တရားစွဲဆိုရေးအဖွဲ့များထံ လွှဲပြောင်းစစ်ဆေးသွားမည် ဖြစ်သည်။