စစ်တွေမှ လှမ်းပစ်သည့် လက်နက်ကြီးကြောင့် ရသေ့တောင်မှ သားအမိနှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်တွေမြို့ရှိ တပ်ရင်းများမှ စစ်အုပ်စုတပ်က လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်မှုကြောင့် ဒေသခံ သားအမိနှစ်ဦး ထိမှန်သေဆုံးခဲ့သည်။
စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဇီးကိုင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူ ဒေါ်အေးနုဖြူ (၇၂ နှစ်) မှာ ဘယ်ဘက်ရင်အုံအထက် ညှပ်ရိုးသို့ အစထိမှန်ခဲ့ပြီး သမီးဖြစ်သူ ဒေါ်မရွှေတင် (၄၂ နှစ်) မှာ ဦးခေါင်းသို့ အစထိမှန်ကာ နှစ်ဦးစလုံး နေရာတွင်ပင် သေဆုံးခဲ့ရသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “စစ်ပွဲဖြစ်ရင် ကျွန်မတို့ အမျိုးသမီးတွေက ဟိုလူ့ငှဲ့ရ ဒီလူ့စိတ်မချရနဲ့ တော်တော် ခက်ခဲပါတယ်။ အခု ရသေ့တောင်နယ်က ကျေးရွာတွေကို စစ်တွေက တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ပစ် နေတာ သုံးလေးရက်ရှိပြီ။ လေယာဉ်တွေလည်း ဝဲပျံနေတယ်၊ ညနေပိုင်းက ဗုံးကြဲသွားသေးတယ်” ဟု ပြော သည်။
စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲကျော်တွင်လည်း စစ်အုပ်စုတပ်သည် ရသေ့တောင်မြို့နယ်အတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နယ်စပ်တောင်တန်းများနှင့် ကျေးရွာအချို့အနီး ကျရောက်ခဲ့ကြောင်း ဒေသခံ များက ပြောသည်။
စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၄ ရက်နေ့မှစ၍ အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေသည့် ပုဏ္ဏားကျွန်းမြို့ နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှာ အလွန်နီးကပ်စွာ တည်ရှိပြီး စစ်တွေမြို့ရှိ တပ်ရင်းများ၏ လက်နက်ကြီး ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်း တည်ရှိနေသည်။
ထို့ကြောင့် စစ်အုပ်စုတပ်သည် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများ အတွင်းသို့ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် လှမ်းပစ်ခြင်းများကို ဆက်တိုက် ပြုလုပ်လျက် ရှိသည်။
“အခုရက်ပိုင်း စစ်တွေနဲ့ ပုဏ္ဏားကျွန်း အစပ်မှာ တိုက်ပွဲတွေ အရမ်းပြင်းထန်နေတယ်။ စစ်မြေပြင်မှာ အထိနာ နေတဲ့ စစ်တပ်က ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တော ဘက်တွေကို လေကြောင်းရော၊ စစ်တွေက တပ်ရင်းတွေက လက်နက်ကြီးတွေရော၊ နေဗီ (ရေတပ်) ကပါ ဆက်တိုက် ရမ်းသန်းပစ်နေတာ။ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းကဆိုရင် စစ်တွေကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ဇီးကိုင်းရွာထဲ ကျရောက် ပေါက်ကွဲပြီး သားအမိနှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားတာပါ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို လေကြောင်းမှ မီးလောင်ဗုံး ကြဲချခဲ့သဖြင့် ပြည်သူ့နေအိမ်တစ်ဆောင် မီးလောင်ပြာကျခဲ့ကာ ဒေသခံ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း၌ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာနှင့် မင်းချောင်းတံတား ဝန်းကျင်သို့ စစ်တိုက်လေယာဉ်များဖြင့် တစ်နေ့လုံးနီးပါး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
(ဓာတ်ပုံ – စစ်တွေမြို့ရှိ စစ်အုပ်စု တပ်ရင်းများမှ လှမ်းပစ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ပျက်စီးသွားသော ဇီးကိုင်းကျေးရွာအနီးဝန်းကျင်။ / Crd )